မွန်ပြည်နယ် ဘီးလင်းမြို့ရှိ အရက်ပြန် စက်ရုံကို မေလ ၅ ရက်နေ့က ယာယီရပ်ဆိုင်းရန် ညွှန်ကြားထားသော်လည်း ဆက်လက် လည်ပတ်နေကြောင်း သိရှိရသည်။
ထိုစက်ရုံသည် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစနစ် အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း (Environmental & Social Impact Assessment – IEE, EIA, SIA, EMP) တို့နှင့် အညီ ဆောင်ရွက်ထားခြင်း မရှိ၍ မေလ ၅ ရက်နေ့ ရက်စွဲဖြင့် စက်ရုံလည်ပတ်မှုကို ယာယီ ရပ်ဆိုင်းရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားသော်လည်း ဆက်လက် လည်ပတ် နေကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းနှင့် ပြည်နယ် လွတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ဒေါက်တာ မင်းကြည်ဝင်းက “ပြည်နယ် အစိုးရကတော့ ချက်ချင်းပဲ ဒါကို ရပ်ပါလို့ ညွှန်ကြားထားတယ်၊ မေလ ၈ ရက်နေ့ မှာ ဆင်းစစ်ပါလို့ ထပ်ပြီးတော့ ညွှန်ကြားလိုက်တဲ့ အတွက် တခေါက် ပြန်ဆင်းတယ်၊ ယာယီ ရပ်ဆိုင်းတာကို သူက မရပ် ထားဘူး၊ မရပ်ထားတော့ ကျနော်က ခင်ဗျား ဒီအတိုင်းလည်လို့ မရဘူး၊ ပြည်နယ် အစိုးရက ရပ်ဆိုရင် ရပ်ရမယ်၊ ကိုယ့်မှာ ရပ်ပိုင်ခွင့် မရှိရင် ကိုယ့်အထက် အဖွဲ့အစည်းကို ချက်ချင်း တင်ပြဖို့ ပြောပါတယ်” ဟု ပြောသည်။
ကုမ္ပဏီမှ တင်ပြထားသည့် စက်ရုံ ဆက်လက် လည်ပတ်ခွင့် အသနားခံစာကို ယနေ့ မေလ ၁၇ ရက်နေ့တွင် ကျင်းပရန် ရှိသည့် မွန်ပြည်နယ် အစိုးရ အစည်းအဝေး၌ ဆွေးနွေးရန်ရှိကြောင်း ၎င်းက ပြောသည်။
ထိုဒေသ တဝိုက်သို့ ဆည်မြောင်းမှ တာဝန်သူများက မေလ ပထမပတ်၌ ရေနမူနာ သွားရောက် စစ်ဆေးရာ၌ PH ပါဝင်မှု နည်းပါးပြီး အက်စစ်ဓာတ် များနေသည့်အပြင် မဂ္ဂနိစ် ခဲဆိပ်များလည်း ပါဝင်နေကြောင်း ဝန်ကြီးဒေါက်တာမင်းကြည်ဝင်း ဧရာဝတီသို့ ပြောကြားသည်။
“ပထမက ရေငန်ဝင်တယ်ဆိုတော့ သက်ဆိုင်ရာက သွားစစ်တယ်၊ ဘာတွေ့ ရလဲ ဆိုတော့ PH က နည်း နေတယ်၊ ခဲပါဝင်မှု မဂ္ဂနိစ်ပါဝင်မှု များနေတာ တွေ့ရတယ်၊ ချက်ချင်း အစည်းအဝေး ထိုင်တယ်၊ ကျနော့်ကို တာဝန်ပေး တော့ သွားပြီး စစ်ပါတယ်၊ ရေနမူနာ ပြန်ကောက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ကျန်းမာရေးဌာနရဲ့ National Lab ကို ပို့ထားတယ်၊ အဖြေကို မသိရသေးဘူး” ဟု ဆိုသည်။
သန့်စင်သော သောက်သုံးရေမှာ PH 7 အဆင့်ရှိပြီး သန့်စင်ထားခြင်း မရှိသေးသည့် သဘာဝရေများ၌ သောက်သုံးရန် သင့် လျော်သည့် PH ပမာဏမှာ 6 နှင့် 7 ကြား ရှိရမည် ဖြစ်သော်လည်း ယင်းရပ်ကွက်များမှ ရေကို စစ်ဆေးခဲ့ရာတွင် PH ပမာဏမှာ အက်စစ်ပါဝင်မှု များနေပြီး 3. 5 သို့ပင် လျော့ကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုသို့ လျော့ကျရခြင်းမှာ ထိုဒေသတွင် ၂၅ နှစ်ခန့်ကြာ တည်ရှိနေသည့် ယင်းအရက်ပြန်စက်ရုံသည် အနီးဝန်းကျင်ရှိ ကန်ဘဲ့အင်းနှင့် အခြားနေရာများသို့ ရေဆိုးများကို ဖြစ်သလို စွန့်ထုတ်ထားသဖြင့် ထိုရေဆိုး အနည်များ၏ အကျိုးဆက် ကြောင့် စက်ရုံအနီးဝန်းကျင်ရှိ ရေများ ညစ်ညမ်းကာ အက်စစ်ဓာတ် ပါဝင်မှု မြင့်မားနေ၍ ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် သောက်ရေများ အဓိကထား ပေးဝေနေရကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ဧရာဝတီကို ရှင်းပြသည်။
ဒေါက်တာ ခင်နိုင်ဦးက “ရေက မေလ ၅ ရက်နေ့ ကတည်းက စပြီး ဝေနေတယ်၊ တောက်လျှောက်ပဲ၊ တအိမ်ထောင်စုကို လီတာ ၂၀ ဝင် သောက်ရေ တပုံး၊ အိမ်ခြေ ၈၂ အိမ် အဲဒီလောက် ရှိတယ်၊ အခုထိ ဝေနေတာပေါ့” ဟု ပြောသည်။
ယင်းစက်ရုံသို့ သွားရောက် စစ်ဆေးထားသည့် တွေ့ရှိချက်များကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှတဆင့် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ အစီရင်ခံစာ ရေးသားပေးပို့ရန် ဆောင်ရွက်နေကြောင်း ဒေါက်တာ ခင်နိုင်ဦးက ဆိုသည်။
စက်မှုဝန်ကြီးဌာနနှင့် ဘီးလင်း စက်မှု အရက်ပြန် ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်တို့ ဖက်စပ်လုပ်ကိုင်နေသည့် ဘီးလင်း အရက်ပြန် စက်ရုံသည် စက်မှုကုန်ကြမ်း အရက်ပြန် ထုတ်လုပ်ရန် ဆိုထားသော်လည်း လက်တွေ့တွင် Grand Royal ကုမ္ပဏီသို့ အရက်ဆီများ ထုတ်လုပ် ရောင်းချနေသည့် စက်ရုံအဖြစ် လည်ပတ်နေကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကျော်သူနှင့် ဒေါက်တာ ခင်နိုင်ဦး တို့က ဧရာဝတီသို့ ရှင်းပြ ပြောဆိုသည်။
ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက “ကျနော်တို့က အမိန့်စာ (ယာယီ ရပ်ဆိုင်းဖို့) ထွက်ထားတယ်၊ သူတို့ (စက်ရုံ) ကတော့ မွန်ပြည်နယ် အစိုးရကို အသနားခံစာ ပြန်တင်ထားတယ်၊ ကစော်ဖောက်ထားတဲ့ ကုန်ကြမ်း စုစု ပေါင်း စုစုပေါင်း ၁၃၈ တန် ဆိုဒ်ထဲမှာ ရှိနေတဲ့ အတွက် ဒါတွေကို မလည်ဘဲ ဒီအတိုင်း ထားမယ်ဆိုရင် ပျက်စီးဆုံးရှူံးမှုနဲ့ ဆိုးကျိုးတွေ ပိုဖြစ်လာမှာ ဖြစ်တဲ့အတွက် ၁၃၈ တန် ကုန်သွားရင်တော့ ရပ်ပါ့မယ်ဆိုပြီးတော့ ပြည်နယ်အစိုးရ အဖွဲ့ရုံးကို အသနားခံစာ တင်ထားတယ်ဗျ။ လက်ရှိမှာတော့ စက်ကတော့ မရပ်သေးဘူးပေါ့” ဟု ပြောသည်။
ဆက်လက်ပြီး “ခွင့်ပြုချက် အနေနဲ့ အရက်ချက် စက်ရုံ လုပ်ငန်း လိုင်စင် လျှောက်ထားတယ်၊ အရက်ပြန်ကနေ အရက်ချက်တာပေါ့ ၊ အရက်ပြင်းပေါ့ဗျာ၊ အဲဒီ အရက်ပြင်းကို ကုမ္ပဏီကို ပြန်ရောင်းတာပေါ့၊ Grand Royal အတွက် ထုတ်ပေးတယ်။
ဒါပေမယ့် အရက်ပြန် ချက်စက်ရုံ အနေနဲ့တော့ ခေါင်းစဉ် တပ်ထားတာပေါ့။ ကျနော်တို့ကတော့ အရက်ချက် လုပ်ငန်းလိုင်စင် ချထားပေးတယ်၊ စက်ရုံလိုင်စင်ကတော့ စက်မှုဝန်ကြီးဌာနကနေ သွားတာဆိုတော့ ကျနော်တို့နဲ့ မဆိုင်ဘူး” ဟု ပြောသည်။
ဘီးလင်းအရက်ပြန်ချက် စက်ရုံမှ စက်ရုံမှူး ဦးတင်မောင်ထူးအား ဧရာဝတီ သတင်းဌာနက ဆက်သွယ်ရန် ကြိုးစားခဲ့သော် လည်း ဆက်သွယ်မရခဲ့ပေ။