“ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါး ကို ဂျာနယ်တွင် ဖော်ပြခဲ့သည့် The Voice ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် ကို ဗဟန်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
၎င်းတို့ ၂ ဦးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ် ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နေ့လည်ပိုင်းတွင် ဆင့်ခေါ်စာ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စ အပေါ် ဗဟန်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိခဲ့ပါ။
The Voice တာဝန်ခံအယ်ဒီတာ ဦးကျော်ဆန်းမင်းက “ရဲစခန်းက ဦးကျော်မင်းဆွေကို အမှုဖွင့်ထားကြောင်း ဆင့်ခေါ်စာ ဒီနေ့နေ့လည်ပိုင်း လက်ခံရရှိတယ်၊ ဘာကြောင့်အမှုဖွင့်လည်း မသိသေးဘူး၊ ဒါကို ကျနော်တို့မနက်ဖြန်ညနေမှာ သွားရောက်ဖြေရှင်းမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
သရော်စာများ ရေးသားလေ့ရှိသည့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်က တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ပြည်ထောင်စုသစ္စာ ဇာတ်လမ်းနှင့် ပတ်သက်၍ “ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးကို မတ်လ ၂၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ရာ တပ်မတော်မှ ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီထံသို့ လည်း တိုင်ကြားခဲ့သည်။
“စာရေးဆရာတယောက်အနေနဲ့ ကျနော်ယုံကြည်ရာကို ကျနော် ရေးတဲ့အတွက် ဘယ်တော့မှ မှားယွင်းကြောင်းတွေ၊ တောင်းပန်ကြောင်းတွေ ကျနော်လုပ်မှာ မဟုတ်ပါဘူး ကျနော့်ဘက်ကတော့။ တရားဥပဒေအရ သူတို့က အရေးယူတဲ့အတွက် ကျနော် တရားဥပဒေအရပဲ ရင်ဆိုင်သွားမယ်” ဟု ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်က ပြောသည်။
၎င်းသရော်စာမှာ ပြည်တွင်းစစ်ဖြစ်ပွားနေမှုများကို ရပ်စဲစေလိုသည့်ဆန္ဒဖြင့် ရေးသားဖော်ပြခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆဖွယ်ရာ သဘောသက်ရောက်သွားပါကလည်း အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း မေလ ၁၄ ရက်နေ့တွင် The Voice သတင်းစာက ဖြေရှင်းချက်ပြန်လည်ထုတ်ပြန်ခဲ့သည်။
ထို့အပြင် သရော်စာဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် မေလ ၁၇ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးနိုင်ရန် ခေါ်ယူထားသော်လည်း ဆင့်ခေါ်စာ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေး ဥပဒေ ဆိုင်ရာ သုတေသနအဖွဲ့က ကောက်ခံရရှိထားသည့် စာရင်းများအရ ယခင် အစိုးရ လက်ထက်မှ ယနေ့အထိ ဆက်သွယ်ရေးဥပဒေနှင့် တရားစွဲခံထားရသည့်အမှု ၆၀ ကျော် ရှိသည်။