မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားမရှိဘဲ နိုင်ငံရေးအကျဉ်းသားဟု မိမိကိုယ်ကိုခံယူပြီး ရာဇဝတ်မှုများဖြင့် အကျဉ်းကျနေသူများသာရှိသည်ဟူသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၏ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့(FPPS)က ယနေ့ သဘောထားထုတ်ပြန် လိုက်သည်။
၂၀၁၇ မေ ၁၆ နေ့ထုတ် မြန်မာတိုင်းမ်နေ့စဉ် သတင်းစာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
FPPS၏ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က “ဒီကိစ္စအပေါ်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက် တယ်။ ဆန့်ကျင်ရှုတ်ချ တယ်။ အခုလိုမျိုးပြောတာသည် မြေပြင်အခြေအနေ လက်ရှိအရှိတရားကို သွေဖီပြီးပြောတဲ့အတွက်ကြောင့် ပြောတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်းသည် မိမိအပြောအဆိုအတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိရမယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်း ချက်တစုံတရာလည်း ပေးဖို့လိုအပ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တရပ် တိတိကျကျ မပြဋ္ဌာန်းနိုင်သေး သရွေ့ ယခုကဲ့သို့ ကိစ္စများ ဖြစ်နေဦးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေး အကျဉ်း သား ၃၀၀ ကျော်ရှိနေသေးသည့်အတွက် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တဦး၏ ပြောဆိုမှုသည် ပကတိအခြေအနေကို မျက်ကွယ်ပြု လျစ်လျူရှုခြင်းသာဖြစ်ကြောင်း ဦးထွန်းကြည်က ဖြည့်စွက်ပြောသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ မေလဆန်းအထိ သွားရောက်စစ်ဆေးခဲ့ရသည့် ထောင်များတွင် မိမိကိုယ်ကို နိုင်ငံရေး အကျဉ်းသားပါ ဟု ကြေညာကာ သတင်းပို့သူ မရှိသည့်အပြင် ၎င်းကိုယ်တိုင်လည်း မတွေ့ခဲ့ရသဖြင့် နိုင်/ကျဉ်းမရှိဘူးဟု ယူဆခြင်းဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များအားလုံးတွင် နိုင်ငံရေးအကျဉ်းသားများမရှိဟု ပြောဆိုခြင်း မဟုတ်ကြောင်း၊ တချို့ တလေမှာ မိမိကိုယ်ကို နိုင်/ကျဉ်းဟု ယူဆသူများ ရှိကောင်းရှိနိုင်ကြောင်း ပြောဆိုခဲ့ခြင်းသာဖြစ် ကြောင်း ဦးယုလွင်အောင် က ပြောသည်။
“အန်ကယ်စစ်ဆေးတွေ့ရှိခဲ့တဲ့ ထောင်တွေထဲမှာတော့ ကိုယ့်ဘာသာကိုယ် နိုင်ငံရေးအကျဉ်းသားဖြစ် ပါတယ်လို့ ပြောတဲ့သူ မရှိဘူးလို့ ပြောတာ။ တနိုင်ငံလုံး ထောင်အားလုံးမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ပြောတာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ နားလည်မှုလွဲခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်သူ များဘက်က မကျေနပ်မှုများ၊ ကန့်ကွက်မှုများ ဖြစ်ပေါ်နေခြင်းကိုလည်း ၎င်းအနေဖြင့် နားလည်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်သူများအနေဖြင့် လာရောက် တွေ့ဆုံ ဆွေးနွေးမည်ဆိုပါကလည်း ကြိုဆိုကြောင်း ဖြည့်စွက်ပြောသည်။
FPPS ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရပ် အမြန်ဆုံး ပြုလုပ်သွားရန်၊ အစိုးရကတာဝန်ပေးသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသော အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များပါဝင်သော ကော်မတီတရပ် ဖွဲ့စည်းသွားရန်ဟူသည့်အချက်များ အပါအဝင် အချက်(၄)ချက်ကို တိုက်တွန်းထားသည်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ လစဉ်အစီရင်ခံစာ ထုတ်ပြန်ချက် အရ ၂၀၁၇ ဧပြီလကုန် တွင် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရသူ ၃၀၅ ဦးရှိပြီး ထိုထဲမှ အကျဉ်းကျခံ နေရသည့် နိုင်ငံရေးအကျဉ်းသား ၉၉ ဦး၊ ထောင် အတွင်းမှနေ၍ တရားဆိုင်နေရသည့် တက်ကြွလှုပ်ရှားသူ ၉၁ ဦး၊ ထောင် ပြင်ပမှနေ၍ တရားရင်ဆိုင်နေရသူ ၁၁၅ ဦး ရှိကြောင်း သိရသည်။