စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာမြေ မကျန်ခ ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံခြုံရေး ယူထားသည့် တပ်ဖွဲ့ဝင်များ “အပြန်အလှန် ပစ်ခတ်”မှုများ ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက တဆင့် သိရှိရသည်။
အဆိုပါ “အပြန်အလှန်” ပစ်ခတ်မှုဟု ပြောဆိုခြင်းကို အခြားလွတ်လပ်သော သတင်းရင်းမြစ်များဖြင့် ဧရာဝတီက အတည်မပြုနိုင်သေးပါ။
မေလ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ပစ်ခတ်မှု ဖြစ်ပွားရာ ရေမဆေးကျောက်ရှာဖွေသူအချို့ သေဆုံး ဒဏ်ရာ ရရှိမှုများရှိကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောသည်။
ဦးမောင်တေးက “ သေတာကတော့ ပထမပြောတာက ၃ယောက်၊ အခုတော့ ၄ယောက်တဲ့။ ၇ ယောက် ဒဏ် ရာ ရာနေတာ အတိအကျ မသိရသေးတဲ့ သဘောဖြစ်နေတယ်။ ကျနော်က မုံရွာလွှတ်တော် ရောက်နေတာ။ ဖြစ်တာက ခန္တီးမှာဖြစ်တာ။ ကျနော်တို့နဲ့ အချိတ်အဆက်မမိဖြစ်နေတာ ဖုန်းနဲ့ပြောတာပဲ သိရသေးတယ်။ ဒီနေ့ ညနေပိုင်းကို ဝန်ကြီးချုပ်နဲ့ သွားတွေ့မယ်။ ဝန်ကြီးချုပ် လာတဲ့နေ့က ကျနော်တို့ဆီမှာ ပြောသွားတာနဲ့ အခုဖြစ်တဲ့ ပြဿနာနဲ့က ဝေခွဲမရအောင်ဖြစ်နေလို့ ကျနော်တို့က သိရအောင် သွားမေးမယ့် သဘောပါ ” ဟု ဆိုသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ်တွင်းရှိ ကျောက်စိမ်းတူးဖော်ရေးများကို ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရက နယ်မြေကန့်သတ်ပေးခဲ့သည်။ ခန္တီးထွက် ကျောက်စိမ်းမှာ ဖားကန့်ထွက် ကျောက်စိမ်းကဲ့သို့ ဈေးကွက်ဝင်ပြီး အရည်အသွေးကောင်းမွန်သည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်က ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးက ခန္တီးမြို့နယ်၊ နန်စီဘွန်နှင့် မကျန်ခ လုပ်ကွက် အတွင်း ရေမဆေးကျောက် ရှာသူများကို ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်အတွင်း ထွက်ခွာပေးရန် ဥပဒေပုဒ်မ ၁၄၃ (ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု) အရ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ရေမဆေးကျောက်သမားများနှင့် လုပ်ငန်းရှင်များအကြား ဖြစ်ပေါ်နေသည့် တင်းမာနေမှုနှင့် ပတ်သက်ပြီး မေလ ၃၀ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးရန် ကော်မတီများ ဖွဲ့စည်းထားသော်လည်း အဆိုပါရက်မတိုင်မီ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းရန် ခရိုင်၊ မြို့နယ်၊ တိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း အတည်ပြုပေးနိုင်ခြင်း မရှိပေ။