အကယ်၍ အိမ်ကို ယခုုပြန်လို့ ရမည်ဆိုလျှင် ဇော်မျိုးထိုက် ပြန်မည် ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ တောင်ပိုင်းမှ ဆီအုန်း ခြံတခြံတွင် ၁၃ နှစ်ကြာလုပ်ခဲ့ပြီးသည့် အချိန်အထိ အိမ်ကိုပြန်ဖို့ လုံလောက်သော ငွေကြေး မရှာဖွေနိုင်သေးပါ။
၂၀၀၄ ခုနှစ်က ပိန်သော်လည်း သန်မာသည့် အသက် ၂၀ အရွယ် လူငယ်တယောက်ဖြစ်သည့် ဇော်မျိုးထိုက်က မြန်မာနိုင်ငံမှ စိုက်ပျိုးရေး လုပ်ငန်း၏ အချက်အချာနေရာဖြစ်သော ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ရှိ ဝါးခယ်မ မြို့တွင် နေထိုင်ခဲ့ သည်။ ထိုအချိန်က ဆောက်လုပ်ရေး အလုပ်သမားတယောက်အဖြစ် လုပ်ကိုင်နေခဲ့ရာ အလုပ်ချိန်က ပုံမှန် မဟုတ်သလို ဝင်ငွေလည်း ပုံမှန်မရခဲ့ပါ။ ထို့ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှ ဆီအုန်း ကုမ္ပဏီများက ပုံမှန် ခန့် ထားရန် အလုပ်သမားများ ခေါ်ယူနေကြောင်း အလုပ်ပွဲစားတဦးက ပြောလာသည့် အချိန်တွင် ထိုအခွင့်အရေးကို ရယူရန် ဇော်မျိုးထိုက် ဆုံးဖြတ်ခဲ့ သည်။ အလုပ်ဝင်ရန် အတွက် ၆ လ ကန်ထရိုက်စာချုပ် လက်မှတ်ထိုးလိုက်ပြီး ဝါးခယ်မရှိ သက်ကြီးရွယ်အို မိဘများထံ အမြန်ဆုံး ပြန်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်နေခဲ့သည်။
ဘဝသစ်တခုကို စတင်နေခြင်း ဖြစ်ကြောင်း ထိုအချိန်က သူမသိခဲ့ပါ။
မြန်မာနိုင်ငံ၏ ဆီအုန်းလုပ်ငန်းက ၁၉၆၀ နှင့် ၁၉၇၀ နှစ်များကထဲက ကမ္ဘာပေါ်တွင် ဆီအုန်း အများဆုံး ထုတ်လုပ်သူများ ဖြစ်နေခဲ့သည့် အိမ်နီးချင်း မလေးရှား နှင့် အင်ဒိုနီးရှားတို့ နှင့် ယှဉ်လျှင် များစွာ နုနယ်နေသေးသည်။ စစ်အစိုးရ အုပ်ချုပ်သည့် ၂၀၀၀ နှစ်များ တွင် အစိုးရက ပြည်တွင်း ဖူလုံရေး အစီအစဉ်၏ တစိတ်တပိုင်း အဖြစ် ဆီအုန်း စိုက် ပျိုး ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည့် အချိန်ကျမှ မြန်မာနိုင်ငံက ဆီအုန်းထုတ်လုပ်မှု လုပ်ငန်းကို အရှိန်မြှင့်လာခြင်း ဖြစ်သည်။
ဆီအုန်း စိုက်ပျိုးရေး အတွက် မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းတွင် မြေ ဟက်တာ ၁.၈ သန်း ကျော်( ဧက ၄ သန်းခွဲ နီးပါး) ချထားပေးခဲ့သည်။ ထိုအချိန်တွင် ကုမ္ပဏီများ (အချို့ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံ ပေး ထားသည်) က ကမ္ဘာ့ဆီအုန်း လုပ်ငန်းအတွင်းတွင် အဓိက ထုတ်လုပ်သူများ ဖြစ်လာရေး များစွာ စိတ်ဝင်စားခြင်း မရှိကြဘဲ မြေပိုင်ဆိုင်ခွင့် ရရန်နှင့် သစ်ပင်များကို ခုတ်လှဲ၍ သစ်ထုတ်လုပ် ရောင်းချရန်သာ စိတ်အားထက်သန်ခဲ့ကြ သည်။ ယနေ့ အချိန်တွင် မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ခင်းများမှ စိုက်ပျိုးထုတ်လုပ်သည့် ဆီများကို နိုင်ငံအတွင်းတွင် စား သုံးဆီ အဖြစ် အဓိက ရောင်းချနေကြသည်။
ထိုသို့ စတင်ချိန်က ရောက်လာသူ အများအပြားထဲတွင် ဇော်မျိုးထိုက်လည်း အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆီအုန်း လုပ်ငန်း ကဏ္ဍတွင် အလုပ်သမား အရေအတွက် မည်မျှရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် စာရင်းဇယား များ မရှိသော်လည်း စိုက်ခင်းများအတွက် မြေရှင်းရန် ကုမ္ပဏီများက စုဆောင်းခေါ်ယူလာသူ သိန်းနှင့် ချီ၍ ရှိသည်ဟု မြန် မာ အလုပ်သမားများက ပြောသည်။
မူလက သူတို့ကို ကတိပြုထားသည် နှင့် များစွာကွဲလွဲကြောင်း ကိုလည်း ဇော်မျိုးထိုက် နှင့် အခြားသူများ တွေ့ရှိခဲ့ရသည်။ လုပ်ရသည့် အလုပ်နှင့် နေထိုင်ရသည့် အခြေအနေက အလွန်ခက်ခဲကြမ်းတမ်းပြီး လုပ်ခကလည်း နည်းသည်။ အချို့သူများက အိမ်ကိုပြန်သွားနိုင်ခဲ့ကြသော်လည်း အများအပြားမှာမူ လမ်းစရိတ်ပင် မတတ်နိုင် သည့် အတွက် ကုတ်ကပ်ပြီး ကျန်နေခဲ့ကြရသည်။ အချို့ ကံဆိုးသည့် အလုပ်သမားများမှာ ထိုင်းနိုင်ငံမှ ငါးဖမ်းလှေများ တွင် အလုပ်လုပ်ရန် လူကုန်ကူးသူများ၏ သွေးဆောင်ဖျားယောင်းခြင်း နှင့် ကြုံခဲ့ရသည်။ ထိုင်းနိုင်ငံမှ ဒေါ်လာ ဘီလီယံ များစွာတန်သော ငါးဖမ်းလုပ်ငန်းက ရွှေ့ပြောင်းလုပ်သားများ အပေါ်တွင် မှီခိုနေခြင်း ဖြစ်သည်။
ကုန်တင်ကားနှင့် လှေများကို စီး၍ ၄ ရက်ကြာလာခဲ့ရပြီးနောက် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံး ဆိပ်ကမ်းမြို့ ဖြစ် သည့် ကော့သောင်းမြို့ ပြင်ဘက်က ဆီအုန်းခြံသို့ ဇော်မျိုးထိုက် ရောက်လာခဲ့သည်။ လမ်းစရိတ် အားလုံးကို Supowin ကုမ္ပဏီက ပေးသည်။ သို့သော်လည်း သူ အလုပ်စဝင်သည့် အချိန်တွင် နည်းလမ်းမကျဟု ထင်ရသည်များကို တွေ့လာရသည်။
အပင်ငယ်များ နှင့် ခြုံပုတ်များကို ရှင်းလင်းရမည်ဟု ပွဲစားက ပြောခဲ့သော်လည်း သူ၏ တသက်တွင် မြင်ဖူးသမျှထက် ပို ၍ကြီးသည့် သစ်ပင်ကြီးများကို ခုတ်လှဲခဲ့ရသည်ဟု ဇော်မျိုးထိုက်က ပြောသည်။
ထို့ပြင် တလလျှင် လစာ ၅၀၀၀၀ ကျပ်(၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံတွင် လူပျိုလူလွတ်တယောက် အတွက် လုံလောက် မှု ရှိသောဝင်ငွေ) ရမည်ဟု ပွဲစားက သူ့ကို ပြောခဲ့သော်လည်း ဇော်မျိုးထိုက် နှင့် အခြား အလုပ်သမားများသည် ရောက်စ ပထမဆုံး နှစ် တနှစ်လုံး အကြွေးပြန်ဆပ်နေခဲ့ရသည်။ သူ၏ လစာကို ဖြတ်တောက်မည် ဖြစ်ကြောင်း ဝါးခယ်မတွင် တွေ့ ခဲ့သည့် ပွဲစားက လုံးဝ အသိပေးခဲ့ ခြင်း မရှိပါ။
ထိုအချိန်တွင် အလုပ်လာလုပ်ဖို့ ဆုံးဖြတ်မိသည့် အတွက် နောင်တရခဲ့သည်ဟု ဇော်မျိုးထိုက်က ပြောသည်။ “ကျနော့်ကို လိမ်သွားတဲ့ အတွက် ပွဲစားကို အရမ်းဒေါသ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျနော့်က ဒီမှာ ရောက်နေပြီ ဆိုတော့ ဆက်နေဖို့ ဆုံး ဖြတ်ခဲ့ရတယ်။”
အမေရိကန် နိုင်ငံခြားရေးဌာန၏ သတ်မှတ်ချက်အရ လစာဖြတ်တောက်သိမ်းယူခြင်းက အကြွေးဖြင့် ကျွန်ပြုခြင်း ဖြစ် သည်။ သို့သော်လည်း ဆီအုန်းကုမ္ပဏီများက ထိုသို့ မမြင်ကြပါ။ အလုပ်ရှိရာသို့ လာသည့် လမ်းစရိတ်ကို အလုပ်သမား များက မပေးခဲ့သည့် အတွက် ပြန်လည်ရယူခြင်း ဖြစ်ကြောင်း သူတို့က ပြောသည်။
သူတို့၏ လစာများကို ဖြတ်တောက်သိမ်းယူသည့် အတွက် ဇော်မျိုးထိုက်နှင့် လုပ်ဖော်ကိုင်ဖက် အလုပ်သမား အချို့က တောင်းဆို ကန့်ကွက်သည့်အခါ Supowin ကုမ္ပဏီမှ သူတို့၏ မြန်မာ ကြီးကြပ်ရေးမှူးများက “မင်းတို့ ပြန်ချင်ရင် ပြန်နိုင်တယ်။ ဒါပေမယ့် ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်ရမယ်” ဟု ပြတ်ပြတ်သားသား ပင်ပြောကြသည်။
မြန်မာနိုင်ငံတွင် လုပ်ခလစာများကို ဖြတ်တောက်သိမ်းယူသည့် ဆီအုန်း ကုမ္ပဏီက Supowin တခုထဲမဟုတ်ပါ။ Dagon Timber နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ၊ ဆောက်လုပ်ရေး နှင့် စိုက်ပျိုးရေး ကုမ္ပဏီများထဲတွင် တခု အပါအဝင် ဖြစ်သည့် ယုဇန ကုမ္ပဏီတို့ မှ ပိုင်သည့် ဆီအုန်းစိုက်ခင်း များတွင်လည်း အလားတူပင် ပြုလုပ်ခဲ့ကြသည်။ အလုပ်သမား များ စိုက်ခင်းသို့ ပထမဆုံးရောက်လာသည့် အချိန်ပေါ်တွင် မူတည်၍ လစာဖြတ်တောက်သိမ်းယူသည့် အချိန်အတိုင်း အတာကလည်း အမျိုးမျိုးကွဲပြားသည်။ ဆီအုန်းစိုက်ခင်းသို့ ပို၍ စောရောက်သည့် အလုပ်သမားများ လစာ မရသည့် အ ချိန်က ပိုကြာသည်။ ဥပမာပြရလျှင် ယုဇန ကုမ္ပဏီ၏ စိုက်ခင်းများသို့ ပြီးခဲ့သည့် နှစ်က ရောက်လာသည့် အလုပ်သမား များ၏ လစာကို ပထမ ၂ လတွင်သာ ဖြတ်တောက်သော်လည်း လွန်ခဲ့သော ၄ နှစ်က ရောက်သော အလုပ်သမားများမှာ မူ ပထမဆုံး ၈ လကို လစာမရဘဲ လုပ်ပေးခဲ့ရသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် Dagon Timber ကုမ္ပဏီမှ အလုပ်သမားများက သူတို့ လစာ ၄လစာ အဖြတ်ခံရ ကြောင်း အရပ်ဘက် အဖွဲ့အစည်းများသို့ ပြောခဲ့သည်။ သို့သော်လည်း တိုင်ကြားမှုများ ရှိလာပြီး အလုပ်သမားများ လုပ်ခ လစာ ရရှိမှု အခြေအနေ နှင့် ပတ်သက်၍ ရဲအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် နောက်ပိုင်း မှသာဖြစ်သည်။
နောက်ပိုင်းတွင် ဇော်မျိုးထိုက်လည်း လုပ်ခ စတင်ရရှိလာသည်။ တနှစ်ခန့် ကြာအောင် မြေရှင်းပြီးသွားပြီးနောက် စိုက်ခင်း အပြည့်အဝ လည်ပတ်လာသည့် အချိန်တွင် ရင့်မှည့်နေသည့် ဆီအုန်းခိုင်များကို ခူးဆွတ်ပေးသည့် အတွက် တလလျှင် ကျပ် တသိန်း စတင်ရလာသည်။ သူ ပထမဆုံး ကန်ထရိုက် လက်မှတ်ထိုးသည့် အချိန်တွင် မျှော်လင့်ထားသည့် ထက် များ ပြားသော်လည်း အသီးများ များများစားစားရင့်မှည့်သည့် ရာသီအတွင်းတွင်သာ ထိုပမာဏကို ရရှိနိုင်ခြင်း ဖြစ်သည်။
စိုက်ခင်းများတွင် လုပ်ရသည့် ဘဝက ခက်ခဲကြမ်းတမ်းသော်လည်း ပိုက်ဆံက အသုံး မခံပါ။ အလုပ်သမားများ လုပ်ခ စ တင်ရရှိလာသည့် အချိန်တွင်ပင် ငွေကြေးက ခက်ခဲသည်။ ဇော်မျိုးထိုက် အပါအဝင် အလုပ်သမားအများအပြားမှာ အလုပ် ပါး သည့် အချိန်တွင် မိသားစုကို ထောက်ပံ့နိုင်ရေး အတွက် အလုပ်များသည့် ရာသီတွင် လုပ်ခရရန် လိုသည်။ Supowin က အလုပ်သမားများအတွက် အစားအစာ ထောက်ပံ့သော်လည်း ထိုအတွက် သူတို့၏ လုပ်ခများထဲမှ ပြန် လည် ဖြတ် တောက်သည်။ မိသားစု တစုစားသည့် ဆန်အတွက် တလလျှင် ကျပ် ၄၀၀၀၀ ခန့် ကုန်ကျနိုင်ပါသည်။
အလုပ်သမားများ အတွက် အခမဲ့ အိမ်ယာများရှိသော်လည်း လျှပ်စစ်မီး နှင့် ရေမရပါ။ အချို့ အလုပ်သမားများက ကိုယ်ပိုင် ရေစုပ်စက်များ ဆင်ကြသည်။ အခြားသူများမှာကား အနီးအနားရှိ စမ်းချောင်းများသို့ သွားရောက်၍ ပန်းကန်ခွက်ယောက် ဆေးခြင်း၊ အဝတ်လျှော်ခြင်း နှင့် အိမ်သုံးရေ ခပ်ခြင်းများ ပြုလုပ်ကြရသည်။ အလုပ်သမားများ၏ ကလေးငယ်များ ကျောင်း နေနိုင်ရေးက လည်း အကန့်အသတ်ရှိနေသည်။ သူတို့၏ ကလေးငယ်များ ကောင်းမွန်စွာ သင်ကြားနိုင်ရေး အတွက် မိသား စု အများအပြားက ဝေးဝေးလံလံ လိုက်ပို့ကြရသည်။ သို့သော်လည်း ထိုသို့ လိုက်ပို့ပေးရသည့် အတွက် ဓာတ်ဆီဖိုး တလျှင် ကျပ် ၁၀၀၀၀ မက သုံးစွဲရန် လိုအပ်လာသည်။
ထို့ပြင် အားစိုက်လုပ်ရသည့် အတွက် ထိခိုက်ဒဏ်ရာ ရခြင်းများနှင့် မတော်တဆမှုများ အတွက် ကုန်ကျစရိတ်ကလည်း ရှိသေးသည်။ ဆီအုန်းခူးဆွတ်ရသည့် အလုပ်က အန္တရယ်များပြီး ကိုယ်ခန္ဓာကိုလည်း ထိခိုက်နိုင်သည်။ ကျန်းမာရေး ပြဿနာ အသေးအဖွဲများအတွက် အလုပ်သမားများက စိုက်ခင်းများရှိ ဆေးခန်းများကို အသုံးပြုကြပြီး အရေးကြီးသည့် အခြေအနေဆိုလျှင် တနာရီကျော်ကြာ ခရီးရှိသည့် ကော့သောင်းမြို့သို့ သွားရန် လိုအပ်လာသည်။ ထိုသို့ သွားရောက်ရ ပါ ကလည်း လမ်းစရိတ်နှင့် ဆေးဝါး ကုသစရိတ်ကို ကိုယ့်ဖာသာကျခံရသည်။
နောက်ဆုံးတွင် အလုပ်သမားများ အတွက် ငွေကြေးစုဆောင်းမိရန် အခက်အခဲ ရှိလာသည်။ အများစုမှာ ထောင်ချောက် မိ နေသလို ပင်ဖြစ်သည်။ အကယ်၍ အလုပ်သမားတဦးက စိုက်ခင်းက ထွက်သွားချင်ပြီဆိုလျှင် ဘဝတူ အလုပ်သမားအချင်း ချင်း အသိပေး၍ အိမ်ပြန်လမ်းစရိတ် စုပေါင်းထောက်ပံ့ကြသည်။ လူ ၃ ဦး ရှိသည့် မိသားစုတခု အတွက် ကားခက ကျပ် တသိန်းကျော် ကျသင့်နိုင်ပါသည်။
ဆယ်စုနှစ် တခုကျော် အလုပ်လုပ်ခဲ့ပြီး ဖြစ်သော်လည်း အိမ်ပြန်ရန် အတွက် ဇော်မျိုးထိုက် ငွေကြေး လုံလုံ လောက်လောက် မစုဆောင်းနိုင်သေးပါ။
မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ခင်းများမှ အလုပ်သမားများက ထိုနေရာမှ ထွက်ခွာသွားနိုင်ရန် နည်းလမ်း ရှာဖွေနေကြပြီး ထို သို့ ရှာဖွေနေခြင်း ကြောင့်လည်း လူကုန်ကူးသူများ၏ အန္တရယ်ကို ရင်ဆိုင်နိုင်ခြင်း မရှိဘဲ ဖြစ်ကြရသည်။
လူကုန်ကူးသူများက ဆီအုန်းနှင့် ရာဘာစိုက်ခင်းများ နှင့် မြန်မာနိုင်ငံတောင်ပိုင်းမှ အဓိက မြို့ကြီးများကို ဆက်သွယ် ထားသည့် လမ်းများပေါ်တွင် ကင်းလှည့်နေကြသည်ဟု ဇော်မျိုးထိုက်နှင့် အခြားအလုပ်သမားများက ပြောသည်။ သူတို့ က အလုပ်သမားများကို ပိုမိုကောင်းမွန်သည့် အနာဂတ်ရရှိမည်၊ အကြွေးဖြင့် ကျွန်ပြုခံရခြင်းမှ လွတ်မြောက်စေမည် စသည် ဖြင့် ကတိပေးစည်းရုံးကြသည်။
ယုဇန ကုမ္ပဏီတွင် ၉ နှစ်ကြာလုပ်ကိုင်ခဲ့သည့် ဦးလှမြင့်က စိုက်ခင်း အနီးတွင် ရှိသည့် သူ့အိမ်သို့ ဇူလိုင်လ အတွင်းက လူကုန်ကူးသူ ၂ ဦးရောက်လာခဲ့သည်ဟု ပြောသည်။
“လူကုန်ကူးတဲ့လူတွေက ထိုင်းနိုင်ငံက ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ချင်သလားလို့ ကျနော်တို့ကို မေးတယ်။ လစာပို ကောင်းမယ်လို့လဲ ကတိပေးတယ်။ ကျနော်က သူတို့ကို မင်းတို့ကို ငါမယုံဘူး။ ဒီကို နောက်ထပ်မလာနဲ့တော့လို့ ပြောတာ တောင်မှ သူတို့က သူတို့ ဖုန်းနံပါတ်ထားခဲ့ပြီးတော့ အကူအညီလိုရင် ဖုန်းဆက်လိုက်ပါလို့ ကျနော်တို့ကို ပြောသွားတယ်” ဟု ဦးလှမြင့်ကပြောသည်။
ဆီအုန်းစိုက်ခင်းများတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အလုပ်သမားများကို ထိုင်းနိုင်ငံမှ ငါးဖမ်းလုပ်ငန်း နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အလုပ်လုပ်ပေးနေသော ပွဲစားများက ခေါ်ယူရန် ကြိုးစားနေကြောင်း ဇော်မျိုး ထိုက်က အစိုးရက ကမကထပြုသည့် အစည်းအဝေးများတွင် ပြောခဲ့သည်။
၂၀၁၆ ခုနှစ် အထိ ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော် ရှိသည်ဟု International Organization for Migration ၏ အဆိုအရသိရသည်။ ကော့သောင်းမြို့သည် မြန်မာ အလုပ်သမားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်သည့် အဓိက နေရာ ၃ ခုအနက်မှ တခုဖြစ်သည်။ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာန၏ အဆိုအရ ၂၀၁၆ ခုနှစ် အတွင်းတွင် ကော့သောင်းမှ တဆင့်နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာနိုင်ငံသား အရေအတွက်က တနေ့ လျှင် ၇၀၀ ရှိသည်ဟု သိရသည်။ အားလုံးမှ ထိုင်းနိုင်ငံ ရှိ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး သို့ မဟုတ် စိုက်ပျိုးရေး လုပ် ငန်းများတွင် အလုပ်ရှာဖွေရန် ဖြစ်သည်။ နယ်စပ်ကို ဖြတ်ကျော်၍ မှောင်ခို လူကုန်ကူးခြင်းကဲ့သို့သော တရားမဝင် ကိစ္စ များကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသည့် အတွက် အမှန်တကယ် သွားရောက်သည့် အရေအတွက်က ထိုထက် ပို များနိုင်ပါသည်။
သို့သော်လည်း ထိုရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခြင်း၏ အခြေအနေမှန်ကို မသိနားမလည်သူ များ ဖြစ်လေ့ ရှိပါသည်။ မိမိဖာသာ ဖြစ်စေ လူကုန်ကူးသူများ၏ အကူအညီဖြင့် ဖြစ်စေ ဆီအုန်းစိုက်ခင်းများမှ ထွက်လာသည့် အလုပ်သမား အများစုမှာ နေထိုင်ရေး နှင့် အလုပ်အကိုင်က သူတို့ထွက်လာသည့်နေရာထက် ပိုကောင်း မနေခြင်း နှင့် တွေ့ကြုံကြရသည်။ အချို့သူများမှာ ပိုဆိုးသည့် အခြေအနေနှင့် ကြုံကြရသည်။ ထိုင်း ငါးဖမ်းလှေများပေါ်တွင် ရွှေ့ပြောင်း အလုပ်သမားများမှာ သူတို့၏ စာရွက်စာတမ်း အထောက်အထားများ ပျောက်ဆုံးခြင်း၊ အကြွေးဖြင့် ကျွန်ပြုသည့် စနစ်ကို နောက်တကြိမ်ရင်ဆိုင်ရခြင်း၊ နာရီပေါင်းများစွာ အလုပ်လုပ်ရခြင်း၊ ပင်လယ်ပြင်တွင်းတွင် ရက်သတ္တပတ်များစွာ နေထိုင် ရခြင်း နှင့် အနည်းဆုံးလုပ်ခကိုသာ ရရှိခြင်းများ ကြုံတွေ့ကြရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာနိုင်ငံရှိ ဆီအုန်းစိုက်ခင်းများမှ ရောက်ရှိလာသည့် မြန်မာ အလုပ်သမား မည်မျှရှိသည်ကို လက်ရှိ အချိန် အထိ မသိသေးပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ နှင့် နှစ်စဉ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်နေသော အမေရိကန်နိုင်ငံ ခြားရေး ဝန်ကြီးဌာန စသည့် အဖွဲ့အစည်းများကလည်း ကော့သောင်းမြို့မှ တဆင့် ထိုင်းနိုင်ငံသို့ ရောက်လာသော မြန်မာရွှေ့ပြောင်း အလုပ် သ မားများသည် နယ်စပ်ကို မဖြတ်ကျော်မီက မည်သည့် ကဏ္ဍတွင် အလုပ်လုပ်ခဲ့သည်ဆိုသည်ကို အတိအကျ ခန့်မှန်း တွက် ချက်နိုင်ခြင်း မရှိသေးပါ။
ထိုအချိန်တွင် လူကုန်ကူးသူများ နှင့် အလုပ်ပွဲစားများက မြန်မာနိုင်ငံမှ ဆီအုန်းစိုက်ခင်းများသို့ အခါအားလျှော်စွာ သွားရောက်၍ နယ်စပ်၏ တဘက်တွင် ပိုမိုကောင်းမွန်သည့် အနာဂတ်တခု ရှိနေကြောင်း ကတိပြု စည်းရုံးနေကြဆဲ ဖြစ် သည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံမှ ဆီအုန်းကုမ္ပဏီများက သူတို့၏ အလုပ်သမားရေးရာ အလေ့အထများကို ပြုပြင်မှု ပြုလုပ် ရန် မက်လုံးက နည်းပါးနေသေးသည်။ သူတို့၏ စိုက်ခင်းများမှ ထုတ်လုပ်သည့် ဆီများကို ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချနေပြီး ဈေးကွက်တွင် ဝယ်လိုအားကလည်း (အလုပ်သမားများ အကျိုးရှိစေမည့် အပြောင်း အလဲမျိုး မဟုတ်လျှင် ပင်) အပြောင်းအလဲ မရှိသေးသည့် အသွင်ဖြစ်နေသည်။
မြန်မာနိုင်ငံမှ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း တခု ဖြစ် သည့် Flora and Fauna International မှ ဒါရိုက်တာ Frank Momberg က မြန်မာနိုင်ငံသည် ရေရှည်တွင် သတ်မှတ် ထားသည့် စံချိန်စံညွှန်း နှင့် ညီသော စားအုန်းဆီကို ထုတ်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ သို့သော်လည်း သဘာ ဝ ပတ်ဝန်းကျင် နှင့် စိုက်ပျိုးရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ စောင့်ကြည့်လေ့လာသူများ ၏ အဖွဲ့အစည်းများ၏ ရေဒါ စက်ကွင်းတွင် အလုပ်သမားများ အနိုင်ကျင့် ခံနေရခြင်းကို မမြင်တွေ့ကြသေးသည့် အသွင်ရှိနေသည်။
နိုင်ငံတကာ ဈေးကွက်မရှိခြင်းကြောင့် မြန်မာနိုင်ငံမှ ဆီအုန်းလုပ်ငန်းက ပြုပြင်ပြောင်းလဲရေး အတွက်နိုင်ငံတကာမှ ဖိ အားများ နှင့် ကင်းလွတ်နေခဲ့သည်။ ကုမ္ပဏီများကလည်း သူတို့၏ အလေ့အထများကို ပြုပြင်ရန် လက်တွန့်နေကြ သည်။ ထို့ကြောင့် ဇော်မျိုးထိုက်နှင့် ဦးလှမြင့်တို့ ကဲ့သို့သော အလုပ်သမားများ၏ ဘဝကို မရေမရာ နှင့် ဆက်လက်ရှိနေစေခဲ့ သည်။
အသက် ၆၅ နှစ် အရွယ်ရှိပြီ ဖြစ်သော ဦးလှမြင့်က ဝမ်းနည်းစွာကြည့်ရင်း“ ကျနော့် ဇာတိမြေမှာပဲ သေချင်တယ်။ ဒါပေမယ့် ပြန် သွားနိုင်ဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ ကျနော် မသိဘူး။ တနေ့နေ့တော့ ဖြစ်နိုင်ကောင်းပါရဲ့” ဟု ပြောသည်။
(www.pri.org တွင် ဖော်ပြထားသော Wudan Yan ၏ These Burmese Palm Oil Workers Say They’re Trapped on Plantations ကို ဘာသာပြန်ဆိုသည်။)