သတင်း

အစိုးရသက်တမ်း ၅ နှစ်တာအတွင်း HIV/AIDS တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်း ၂၈၀ နီးပါးအသုံးပြုမည်

အစိုးရသက်တမ်း ၅ နှစ်တာအတွင်း ခုခံအားကျဆင်းရောဂါ (HIV/AIDS) တိုက်ဖျက်ရေး စီမံကိန်း လုပ်ငန်းစဉ်များတွင် အမေရိကန်ဒေါ်လာ သန်း၂၈၀ နီးပါး အသုံးပြုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောသည်။

HIV/AIDS တိုက်ဖျက်ရေး စီမံကိန်းအတွက် အစိုးရက ကုန်ကျစရိတ်၏ ၁၈ ရာခိုင်နှုန်းကိုသာ ကျခံအသုံးပြုမည်ဖြစ်ပြီး ကျန်သည့်ကျန်ကျစရိတ်ကို ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များဖြစ်သည့် WHO၊ နိုင်ငံတကာ ကျန်မာရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

နေပြည်တော် ဟိုတယ်ဇုန်၌ ယနေ့တွင် ကျင်းပသည့် တတိယအကြိမ် ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၆ – ၂၀၂၀) စတင်မိတ်ဆက်ခြင်း အခမ်းအနားတွင် ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောဆိုခြင်း ဖြစ်သည် ။

ထိုစီမံကိန်းကို ၂၀၀၅ ခုနှစ်က စတင်ပြီး ၅ နှစ် ၁ ကြိမ် ရေးဆွဲဆောင်ရွက်ခဲ့ပြီး၊ ယခု NLD အစိုးရသစ် လက်ထက်တွင် ပြန်လည်လေ့လာ စစ်ဆေးပြီးနောက် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်းနှင့် စီမံကိန်းအရ လာမည့် ၂၀၂၀ တွင် တနိုင်ငံလုံးရှိ HIV ကူးစက်ရောဂါ ဝေဒနာရှင် ၉၉ ရာခိုင်နှုန်းကို ART ဆေး ဖြန့်ဝေပေးနိုင်မည်ဟု ထိုစီမံကိန်း ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညိုက ပြောသည်။

ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း စီမံကိန်းညွှန်ကြားရေးမှူး ဒေါက်တာထွန်းညိုက “ဆက်ပြီး ART ဆေးတွေ ပေးနိုင်မယ်။ ၂၀၂၀ မှာ ၉၉ ရာခိုင်နှုန်း အထိပေါ့။ ကျနော်တို့ စမ်းသပ်မယ်။ ကုသမယ်။ ပိုးကောင်ရေ ကျနိုင်အောင်ထိ Target ထားပြီး လုပ်နေတယ်” ဟု ပြောသည်။

စီမံကိန်း စတင်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HIV ပိုး ကူးစက်ခံရသူ ၂ သိန်းကျော် ရှိခဲ့ပြီး လူဦးရေ ၁ သိန်းကိုသာ ART ဆေး ဖြန့်ဝေနိုင်ခဲ့ကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုများအရ ရောဂါကူးစက်ခံရသူ၏ ၅၇ ရာခိုင်နှုန်းကိုသာ ART ဆေး ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ART ဆေးများ မှောင်ခိုဈေးကွက်သို့ ရောက်ရှိပြီး ရောင်းချနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီဆေးရုံ (ကူးစက်) မှ တာဝန်ကျဆရာဝန်တဦးက“ တချို့ဆေးသောက်ရမယ့်သူတွေက ပြန်ထုတ် ရောင်းတာရှိသလို၊ ဆေးထုတ်ပေးတဲ့ အဖွဲ့အစည်းမှာ လုပ်ကိုင်သူတချို့က ခိုးရောင်းတာမျိုး တွေ့ရတယ်။ ဆေးမလောက်တဲ့သူတွေ၊ HIV ပိုးရှိပြီး ဆေးရုံမှာဆေးသွားယူဖို့ ရှက်ကြတဲ့သူတွေက ဝယ်သောက်ကြလို့ ဒီဆေးတွေက အရင်တည်းက မှောင်ခိုဈေးကွက်မှာ ရှိနေတယ်။ ဒါတွေကို အစိုးရကလည်း နှိမ်နှင်းနေတာ တွေ့ရတယ်” ဟု ပြောသည်။

Loading