စက်မှုဇုန်စီမံကိန်း တည်ဆောက်မည်ဟုဆိုကာ သိမ်းယူထားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကျေးရွာများမှ လယ်ယာမြေများ၏ အမည်ပေါက်နာမည်ခံထားသူများတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသူများ၊ ပြည်နယ်လွှတ်တော် အကြီးအကဲများနှင့် ရခိုင်အမျိုးသားပါတီ (ANP )မှ ခေါင်းဆောင်တချို့ ပါဝင်နေကြောင်း သိရသည်။
လယ်သိမ်းခံထားရသူ ဦးလှထွန်းမောင်က “ သိမ်းထားတာ ကြာပြီ။ ပြီးခဲ့တဲ့ပြည်နယ်အစိုးရ လက်ထက်မှာ အကွက်တွေရိုက်ပြီး သူတို့နဲ့နီးစပ်သူတွေကို ချပေးခဲ့တယ်။ ခြံစည်းရိုးတွေ ကာရံတယ်။ လယ်သမားတွေကိုတော့ လျော်ကြေးတပြားမှ မပေးဘူး။ လက်ရှိအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးလည်း အကွက်ရိုက်ပြီး ၁ ကွက်ကို သိန်း ၃၀၀ ကျော်နဲ့ ရောင်းချနေတယ်လို့ ကြားရတယ်” ဟု ဧရာဝတီကို ပြောသည်။
မြေကွက်အမည်ပေါက်သူများ စာရင်းတွင် ရခိုင်ပြည်နယ်၏ လက်ရှိလွှတ်တော် ဥက္ကဌ ဦးစံကျော်လှ၊ ဒုဥက္ကဌ ဦးဖိုးမင်းနှင့် ရခိုင်ပြည်နယ် လက်ရှိအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေအပါအဝင် ဌာဆိုင်ရာအရာရှိများပါဝင်ပြီး၊ ANP ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဦးအောင်သန်းတင်၊ ပြည်နယ်ဥပဒေချုပ်ဟောင်းနှင့် ရဲအရာရှိတချို့တို့ ပါဝင်ကြောင်း ဒေသခံလယ်သမားတချို့က ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်လွှတ်တော်၌ သိမ်းဆည်းခံလယ်မြေများကို မူလပိုင်ရှင်လယ်သမားများထံ ပြန်လည်ပေးအပ်ရန်အတွက် အဆိုတင်သွင်းခဲ့ရာ၌ ကန့်ကွက်သူမရှိသော်လည်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက လက်မှတ်ထိုးမပေးသည့် အတွက် အဆိုမအောင်မြင်ခဲ့ကြောင်း သိရသည်။
လွှတ်တော်ဥက္ကဌ နုတ်ထွက်ရေးနှင့် သိမ်းဆည်းခံလယ်မြေများ ပြန်ရရှိရေး ဆန္ဒပြနေကြသည့် ဒေသခံများ
လယ်သိမ်းဆည်းမှုအဆိုကို လက်မှတ်မထိုးပေးသည့် ပြည်နယ်လွှတ်တော်ဥက္ကဌကို ပြည်သူအကျိုး မဆောင်ရွက်ဟုဆိုကာ ရာထူးမှနုတ်ထွက်ပေးရန် ပြီးခဲ့သည့် မေလ ၁၅ ရက်က စစ်တွေမြို့တွင် ဒေသခံလယ်သမားများက ဆန္ဒပြတောင်းဆို ခဲ့ကြသည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေသခံဖြစ်သူ ဦးမောင်ထွန်းသိန်းက “ လွှတ်တော်ဥက္ကဌက ပြည်သူတွေအတွက် အလုပ် မလုပ်ပေးတဲ့အတွက် နုတ်ထွက်ဖို့ တောင်းဆိုတာပါ။ ဒီတကြိမ်ဆိုရင် ဆန္ဒပြတာ ၃ ကြိမ် ရှိပြီ။ မဖြေရှင်းပေးသရွှေ့ ဆန္ဒပြတောင်းဆိုသွားဖို့ ရှိတယ်” ဟု ပြောသည်။
လွှတ်တော်နှင့် ပြည်နယ်အစိုးရအဖွဲ့က ဖြေရှင်းမပေးသည့်အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု လွှတ်တော်ဥက္ကဌများထံ တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိ၍ ဆန္ဒပြသရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဦးဖိုးမင်းက “လွှတ်တော်က မဖြေရှင်းပေးဘူးဆိုတာ မဟုတ်ပါဘူး။ ပြည်နယ်အစိုးရကပဲ ဖြေရှင်းပေးပါလို့ လွှဲပေးထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သိမ်းဆည်းခံ လယ်မြေများနှင့် ပတ်သက်၍ ပိုင်ဆိုင်မှုအထောက်အထားများကို အာဏာပိုင်များက တောင်းခံကြောင်း၊ ထိုမြေများသည် ဘိုးဘွားပိုင် လုပ်ကိုင်စားသောက်လာသည့် မြေဖြစ်၍ အများစုတွင် ပိုင်ဆိုင်မှုဂရန် မရှိကြကြောင်းနှင့် လယ်မြေသိမ်းဆည်းသူများတွင် မြေစာရင်းဌာနမှ အရာရှိများကိုယ်တိုင် ပါဝင်နေခြင်းကြောင့် လယ်သမားများအတွက် ပိုင်ဆိုင်မှု အထောက်အထားရရှိရန် မလွယ်ကူကြောင်း ဒေသခံလယ်သမားများက ဆိုသည်။
ထိုသို့ပြောဆိုနေမှုအပေါ် ပြည်နယ်လွှတ်တော် ဒုုဥက္ကဌ ဦးဖိုးမင်းက“ အဲဒီမြေတွေက အစိုးရမြေတွေပါ။ လယ်မြေတွေလည်း မဟုတ်ပါဘူး။ ကျနော်နဲ့ လွှတ်တော်ဥက္ကဌကို နေထိုင်ဖို့ အဆင်ပြေအောင်ဆိုပြီးတော့ ဝန်ကြီးချုပ်ဦးမြအောင်က တယောက် ၁ ကွက်စီ ပေးခဲ့တာပါ။ ကျနော်တို့က ငွေသွင်းပြီး ယူခဲ့တာပါ” ဟု ဆိုသည်။
စစ်တွေမြို့နယ်အတွင်းရှိ ဆတ်ရိုးကျ၊ ကျေးတော၊ ကန်ပြင်၊ ချောင်းနွယ်စသည့် ကျေးရွာ ၇ ခုမှ လယ်သမား ၄၅ ဦး ပိုင်ဆိုင်သည့် လယ်မြေဧက၂၅၀ ကျော်ကို သိမ်းယူထားခြင်းဖြစ်ကြောင်း၊ ထိုလယ်မြေများကို ပေ ၁၀၀ x ပေ ၂၀၀ အကွက်များရိုက်၍ အာဏာပိုင်များက ၎င်းတို့နှင့် နီးစပ်သူများကို အမည်ပေါက်ပေးထားခြင်း ဖြစ်သည်။
ထိုမြေများသည် ကာလပေါက်ဈေးအရ တဧကလျှင် ကျပ်ငွေသိန်းထောင်ချီ တန်ဖိုးရှိကြောင်းနှင့် ထိုမြေများ အမည်ပေါက်နေသူ စုစုပေါင်း ၁၉၉ ဦး ရှိပြီး၊ ထိုအထဲတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ စစ်တွေမြို့မိမြို့ဖဟောင်းများ၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တချို့၊ လူမှုအဖွဲ့အစည်း ဆောင်ရွက်နေသူများ၊ စီးပွားရေးသမားများနှင့် မီဒီယာသမားတချို့လည်း ပါဝင်နေကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့ထွက်ပေါ်နေသည်။