ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေဆဲ ကာလအတွင်း မည်သည့်နေရာ ဒေသတွင်ဖြစ်စေ နှစ်ဖက်တပ်များက ဒေသခံ များ ဆန္ဒမပါဘဲ အဓမ္မ တပ်သားသစ် စုဆောင်းမှု မပြုလုပ်ရန် ၁၆ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် (CSFOP)က တောင်းဆိုလိုက်သည်။
CSFOP အစည်းအဝေး ဆွေးနွေးချက်များအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဒေသခံများ၏ ဆန္ဒမပါဘဲ အဓမ္မ တပ်သားသစ် စုဆောင်းမှုများ ရှိနေပြီး စုဆောင်းကြသူများမှာ တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ အပါ အဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ဖြစ်သည်ဟု သိရသည်။
CSFOP ၁၆ ကြိမ်မြောက် အစည်းအဝေးကို မေလ ၁၅ ရက်မှ ၁၆ ရက်ထိ ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခြင်း ဖြစ် သည်။
CSFOP တွင် ပါဝင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စောင့်ကြည့်ရေး အရပ်သား ကော်မတီ မှ အတွင်းရေးမှူး ဦးတင်ဦးက “ကျနော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့ အားလုံး က လူသစ်စုဆောင်းတာတွေ လုပ်နေပါတယ်။ ဒေသခံတွေရဲ့ ဆန္ဒမပါဘဲနဲ့ အဓမ္မစုဆောင်းတာတွေ ရှိနေပါတယ်” ဟု ပြော သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်လက်အောက်ခံ ကောင်းခါး ပြည်သူ့စစ် တပ်ဖွဲ့က ဒေသခံ များ အား တအိမ် တယောက်နှုန်းဖြင့် တပ်သားသစ် လိုက်လံ စုဆောင်းမှုများ ရှိသည်ကို သတင်းအချက်အလက်များ ရရှိ ထားသည် ဟုလည်း ဦးတင်ဦးက ပြောပြသည်။
CSFOP မှ ဒေါ်အက်စ်တာ ကလည်း ကချင်ပြည်နယ်အတွင်း အဓမ္မတပ်သားသစ် စုဆောင်းမှုများ ရှိနေပြီး ပြုလုပ်သူများမှာ တပ်မတော်လက်အောက်ခံ ဌာနေပြည်သူ့စစ်များ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်သည်ဟု ပြောသည်။
“တပ်သားစုဆောင်းတယ်လို့ ပြောတဲ့နေရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO ကနေပြီး တပ်သား စုဆောင်း တာတွေ လည်း ရှိတယ်။ နောက် ဌာနေပြည်သူ့စစ်တွေကနေ တပ်သားစုဆောင်းတာတွေလည်း ရှိတာကို ကျမတို့ တွေ့ရပါ တယ်” ဟု ဒေါ်အက်စ်တာက ပြောသည်။
တပ်သားသစ် စုဆောင်းမှုများမှာ တိုက်ပွဲအရှိန်များ မြင့်တတ်လာသည့် အချိန်မျိုးတွင် ဖြစ်ပွားမှုများ ရှိနေသော်လည်း ဒေသခံ များက ဆန္ဒမပါဘဲ အဓမ္မ ခြိမ်းခြောက် စစ်မှုထမ်းခိုင်းခြင်းမျိုးကို CSFOP က ကန့်ကွက်လိုခြင်း ဖြစ်သည်ဟုလည်း ဒေါ်အက်စ်တာ က ပြောဆိုသည်။
ဦးတင်ဦးက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည် ဖြစ်စေ ၊ မရေးထိုးထားသည်ဖြစ်စေ အရပ်သားများ၏ လူနေမှုဘဝများကို ထောက်ထားပြီး သက်ဆိုင်ရာ နှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းများက စစ်ရှိန်များ လျှော့ချပေးရန်၊ အရပ်သားများ သွားလာသည့် နေရာများတွင် မိုင်းထောင်ခြင်းများ မပြုလုပ် ရန် လိုအပ်သည်ဟုလည်း ဆိုသည်။
CSFOP တွင် ပါဝင်ပြီး မွန်အမျိုးသမီးအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိကွန်ချမ်းနွန်ကလည်း “တိုက်ပွဲတွေ အရမ်း ဖြစ်လာပြီဆိုရင် လိုအပ်တဲ့ တပ်သားစုဆောင်းတဲ့ ကိစ္စတွေ ပါလာပါတယ်။ ဒါပေမယ့် အဓမ္မ စုဆောင်းတာကို မလုပ်ဖို့ ကျမ တို့ က တောင်းဆိုတာပါ။ CSFOP က အဓမ္မစုဆောင်းတာကို မလုပ်ဖို့ နှစ်ဖက်လုံးကို တိုက်တွန်းပါတယ်” ဟု ပြောသည်။
မေလ ပထမပတ်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်း လက်နက်ကိုင် အဖွဲ့တဖွဲ့မှ တပ်သား သစ် များ လိုက်လံ စုဆောင်းပြီး မလုပ်ပါက ရွာအတွင်းမှ ထွက်သွားရန် ခြိမ်းခြောက်သဖြင့် ရွာ ၂ရွာမှ ဒေသခံ ၁၇၀ ကျော် မှာ ယနေ့ထိ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်သည်။
ဒေသခံများဆန္ဒမပါဘဲ အဓမ္မ တပ်သားသစ်များ စုဆောင်းခြင်းများ မပြုကြရန်ဟူသည့် အချက် အပါအဝင် လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဆိုင်သည့် ခေါင်းစဉ် ၅ ခုကို အိတ်ဖွင့်ပေးစာ တစောင်အဖြစ် ရေးသားကာ အစိုးရ၊ တပ်မတော်နှင့် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ CSFOP က ပေးပို့ထားသည်ဟု သိရသည်။
အိတ်ဖွင့်ပေးစာတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် သက်ဆိုင်ရာ ပြည်နယ်များတွင် လူမျိုး အလိုက်၊ ပြည်နယ်အလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည်ဆိုပါက ကတိုက်ကရိုက် မလုပ် ဆောင် ဘဲ စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်ရေးအတွက် အနည်းဆုံး အချိန် ၂ပတ်ခန့် ကြိုတင် အကြောင်းကြားရမည် ဟူသည့် အချက်လည်း ပါဝင်သည်။
တဖက်တွင် ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ် မြေပြင်မှ စစ်ဘေးရှောင်ဒုက္ခသည်များကိုလည်း လူသားခြင်း စာနာ ထောက် ထားမှု အထောက်အပံ့ ရရှိရေးအတွက် တားမြစ်ခြင်းမပြုဘဲ အစိုးရက ဒေသခံအရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးရန်၊ ဒေသခံများကို မိုင်းအန္တရာယ် ပညာပေးခြင်း၊ မိုင်းရှင်းလင်ခြင်းများ လုပ်ပေးရန် တို့လည်း ရေးသားထား သည်။
ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ် ကာလအတွင်း အရပ်ဘက် လူ့အဖွဲ့အစည်းများကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် အရေးယူခြင်း မပြုရန်ဟုလည်း တောင်းဆိုထားသည်။
ထို့အပြင် ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်နိုင်ရေးအတွက် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ ကိုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ပါဝင်တက်ရောက် ဆွေးနွေးဆုံးဖြတ်ခွင့် ပေးရန် အလေးအနက် အကြံပြုသည်ဟူ၍လည်း တောင်းဆို ထားသည်။
CSFOP က ၎င်းတို့၏ အိတ်ဖွင့်ပေးစာကို မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံံံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော် မတီ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ် တို့ဆီ လိပ်မူပေးပို့ထားသည်ဟု သိရသည်။
CSFOP သည် ပြည်တွင်းရှိ လူမှုကွန်ရက်နှင့် လူမှုအဖွဲ့အစည်း ၇၀ ကျော်တို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှ စ၍ ၃လ တကြိမ် ကျင်းပနေခြင်း ဖြစ်သည်။
CSFOP ကို ကျင်းပရခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများမှ ဦးဆောင်သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် ပြည်သူလူထု၏ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြနိုင်ရန် ရည်ရွယ်ခြင်း ဖြစ် သည်ဟု ဆိုသည်။
၁၆ ကြိမ်မြောက် CSFOP တွင် ကိုယ်စားလှယ် ၁၇၅ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။