သတင်း

တပ်မတော်နှင့် ဆွေးနွေးပွဲ အင်မတန်အကျိုးရှိဟု ရခိုင်ကော်မရှင်ပြောကြား

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် တို့ အကြားဆွေးနွေးပွဲသည်လွန်စွာ အကျိုးရှိကြောင်း အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ပြောသည်။

“အကြံပေးကော်မရှင်က လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးမယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ အစည်းအဝေး မှာ ကန့်ကွက်တဲ့၊ အပြုသဘော မဆောင်တဲ့ စကား တခွန်းမှ မပါပါဘူး” ဟု သူက ပြောသည်။

အဆိုပါ အစည်းအဝေးကို ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် နေပြည်တော်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်သူ ဒေါက်တာ သာလှရွှေက အစည်းအဝေးတွင် မတ်လအတွင်း ထုတ်ပြန်ခဲ့သော ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာနှင့် ပတ်သတ်၍ တပ်မတော်က ၎င်းတို့၏ သဘောထား မှတ်ချက်ပေး ဆွေးနွေးခဲ့ကြောင်း ပြောပါသည်။

ထို အစည်းအဝေးကို အစိုးရပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် နှစ်ဖက် ခေါင်းဆောင်များသည် ဖုန်းနှင့် တိုက်ရိုက်အဆက်အသွယ် ရှိကြောင်း ဦးအေးလွင်က ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့က ပြောသည်။

စစ်ဗိုလ်ချုပ်ကြီးများနှင့် မတွေ့ဆုံမီ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကော်မရှင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်လည်း တွေ့ဆုံခဲ့သည်။ သို့သော် ကြံ့ခိုင်ရေးပါတီက ကော်မရှင်ကို အကြံပြုချက်များပေးရန် ငြင်းဆိုခဲ့ပြီး၊ ကော်မရှင်ဖွဲ့စည်းမှုကို ပြည်တွင်းရေးတွင် နိုင်ငံတကာက ပါဝင်ပတ်သက်ခြင်း ဟူသည့် အချက်ကို ဆက်လက် ဆုပ်ကိုင်ထားသည်။

သို့သော် ကော်မရှင်အဖွဲ့ ဦးအေးလွင်ကမူ ယင်းမှာ ချဲ့ကား ဖော်ပြနေကြခြင်းသာ ဖြစ်ကြောင်း၊ ပါတီအနေဖြင့် တရားဝင်တုံ့ပြန်မှု မရှိသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ သည် ရခိုင်ပြည်နယ်မှ ပြဿနာများနှင့် ပတ်သက်ပြီး ၎င်းတို့၏ အတွေအကြုံများကို ဆွေးနွေးခဲ့ကြောင်း ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကော်မရှင်ဖွဲ့စည်းခြင်းကို ကန့်ကွက်ထားသောကြောင့် ၎င်းတို့ အသိအမှတ်မပြုသော ကော်မရှင်တခုနှင့် ပတ်သက်၍ တရားဝင်သဘောထား ထုတ်ပြန်ခြင်း မပြုရန် ဆုံးဖြတ်ခြင်းသာ ဖြစ်ကြောင်း သူက ပြောသည်။

လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များနှင့် မီဒီယာများကို အကန့်အသတ်ဖြင့်သာ သွားလာခွင့် ပြုခြင်းနှင့် ပတ်သက်ပြီး တပ်မတော်က ရခိုင်ပြည်နယ်၏ လက်ရှိ မြေပြင်အခြေအနေမှာ စိတ်ချမရသေး၍ ပေးမသွားခြင်းဖြစ် သည်ဟု တပ်ဘက်က ရှင်းပြခဲ့ကြောင်း ဆိုသည်။

တပ်မတော်က စစ်ဆင်ရေးများ ရပ်တန့်ထားပြီး လုံခြုံရေးတာဝန်ကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အုပ်ချုပ်ရေး ပိုင်းကို လွှဲပြောင်းပေးထားပြီး တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေကြောင်းလည်း ယင်း အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်တွင် နိုင်ငံမဲ့အဖြစ် ခွဲခြားဆက်ဆံခံနေရ သူတို့ အတွက် ဆောင်ရွက်နေသည့် အငြင်းပွားဖွယ်ရာ နိုင်ငံသား လျှောက်ထားသူများ စိစစ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ကိုလည်း ဆွေးနွေးခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို သြဂုတ်လတွင် အစိုးရထံ တင်သွင်းမည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading