နိုင်ငံကြီးသား ပီသစေရန် ပညာရေးစနစ်တွင် မျိုးဆက်ပွားကျန်းမာရေး ၊ ပြည်သူ့နီတိ (ကိုယ်ကျင့်တရား)နှင့် ဒီမိုကရေစီ စသည့် ဘာသာရပ်သုံးခုကို ထည့်သွင်း သင်ကြားပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို နေပြည်တော်တွင် ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးက လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ( ၅ ) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက အထက်ပါ ဘာသာရပ်များကို မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ အထွေထွေ ဘာသာရပ်အခန်းတွင် မိတ်ဆက်ဘာသာရပ်အဖြစ် သင်ကြားပေးရုံမကဘဲ လက်ခံကျင့်သုံးရန် အစိုးရက စီမံဆောင်ရွက်ပေးလိုကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုရှင် ဒေါက်တာတင်တင်ဝင်းက “ကျမတို့ နိုင်ငံဟာ နိုင်ငံကြီးသား ပီသအောင် သင်ပေးတဲ့ ပညာရေးစနစ် မရှိတာ နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒါကြောင့် ဒီခေါင်းစဉ်သုံးခုကို သင်ရိုးညွှန်းတမ်း အထွေထွေဘာသာရပ်ထဲမှာ ထည့်သွင်း သင်ကြားပေးစေလိုပါတယ်” ဟု အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မျိုးဆက်ပွားကျန်းမာရေး ဘာသာရပ်ကို မူလတန်းမှအပ အခြေခံပညာအလယ်တန်း ၊ အထက်တန်း ၊ ပညာရေးကောလိပ်နှင့် တက္ကသိုလ်များတွင် ထည့် သွင်း သင်ကြားပေးစေလိုခြင်းမှာ မြန်မာနိုင်ငံ၏ ထုံးတမ်းစဉ်လာများအရ လိင်ပညာပေးခြင်းကို မိဘ ၊ ဆရာများက သားသမီးသို့ သင်ကြားပေးခြင်း မရှိ ချေ။ ထို့ကြောင့် အချိန်မတိုင်မီ လိင်မသမာမှု ပြုကျင့်ခံရခြင်းများ ရှိခဲ့ပြီး လူသားအရင်းအမြစ် ဆုံးရှံးခဲ့ခြင်းများလည်း ရှိသောကြောင့် ယခုကဲ့သို့ ထည့်သွင်း သင်ကြားစေလိုခြင်း ဖြစ်သည်ဟု ဒေါ်တင်တင်ဝင်းက ပြောသည်။
ပြည်သူ့နီတိ(ကိုယ်ကျင့်တရား)ဘာသာရပ်နှင့် ပတ်သက်လျှင်လည်း ငယ်စဉ်ကတည်းက စနစ်တကျ သင်ကြားပြီး ကျင့်သုံးလိုက်နာရန် စီမံ ဆောင်ရွက် ပေးခြင်း မရှိခဲ့သောကြောင့် လက်ရှိ ကာလများတွင် စက်ဆုပ်ဖွယ်ရာ ပြစ်မှုဖြစ်ပွားခြင်းများ ရှိသည်ဟု ဒေါ်တင်တင်ဝင်းက ပြောသည်။
ဒေါ်တင်တင်ဝင်းက “ ငယ်စဉ်အခါက ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ သင်ပေးခဲ့ရင် အခုလို ပြည်သူ့ငွေ သန်းပေါင်း ၇၀၀၀ ကျော်ကို အလွဲသုံးစားမှု လုပ်တဲ့ အမှုရှိမှာ မဟုတ်ပါဘူး။ နေရာတိုင်းမှာ စိတ်အခန့်မသင့်တာနဲ့ လူသတ်နေတဲ့ အဖြစ်မျိုးလည်း ရှိမှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
အခွင့်အရေးနှင့် တာဝန်ယူမှု၊ အမြင်မတူသည်များကို လက်ခံနိုင်မှု၊ လွတ်လပ်စွာ ပြောဆိုရေးသားမှု စသည့် ဒီမိုကရေစီ အခြေခံအချက်များကိုလည်း ငယ်စဉ်ကတည်းက သင်ကြား၊ ကျင့်သုံးစေလိုသဖြင့် ယခုကဲ့သို့ ဘာသာရပ်တခုအဖြစ် ထည့်သွင်းသင်ကြားရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းအဆိုကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါက်တာမြသောင်းက ထောက်ခံခဲ့ပြီး ယခုဘာသာရပ်များသည် ကျောင်းများတွင် လက်ရှိ သင်ကြားလျက်ရှိသော်လည်း အကျယ်တဝင့် သင်ကြားပေးပြီး လိုက်နာကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေလိုခြင်းဖြစ်သည်ဟု ထောက်ခံ ပြောကြားသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနက ပညာရည် မြင့်မားရေးအတွက် လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ပညာသင်ဆုအစီအစဉ်၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ မြှင့်တင်ရေးအစီအစဉ်၊ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ် ထည့်သွင်းသင်ကြားခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာ ထည့်သွင်း သင်ကြားခြင်း စသည်တို့ကို ဆောင်ရွက်နေသည်။