ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကုမ္ပဏီများက စမ်းသပ်ရေနံတွင်းများ တူးဖော်နေမှုကို ရပ်တန့်ရန် ညှိနှိုင်းဖြေရှင်းမှု မပြေလည်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အထွေထွေ အုပ်ချုပ်ရေးမှူးတို့အား အလိုမရှိကြောင်း ဒေသခံ ၂၀၀ ကျော်က ယနေ့နံနက်တွင် ပန်းတောင်းမြို့ပေါ်၌ ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု သိရသည်။
ပန်းတောင်းမြို့နယ် ကျေးရွာများတွင် ရုရှားကုမ္ပဏီ၊ အိန္ဒိယကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ ပူးပေါင်းကာ စမ်းသပ်ရေနံတွင်း တူးဖော်နေမှုများ ရပ်တန့်ပေးရန် ပန်းတောင်းမြို့ပေါ်တွင် မေလ ၂ ရက်နေ့က ဆန္ဒပြ တောင်းဆိုမှုကြောင့် မေလ ၁၂ ရက်နေ့တွင် ယင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက ဒေသခံများနှင့် ညှိနှိုင်းခဲ့သော်လည်း မပြေလည်ခဲ့၍ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တောင်သူ ဦးမင်းမင်းနိုင်က ပြောသည်။
ဦးမင်းမင်းနိုင်က “ ကျေးရွာတွေထဲမှာ ရေနံစမ်းသပ်တွင်းတွေ တူးတယ်။ တောင်သူတွေဘက်က စိုးရိမ်လို့ တိုင်တော့ တူးတာက မြို့နယ်ဖွံ့ဖြိုးဖို့အတွက်လို့ ပြောပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က ပြည်သူ့ဘက်မှာမရှိဘူး ကုမ္ပဏီဘက်ကပဲ လိုက်ပြောလို့ အခုလို ဆန္ဒထုတ်ဖော်ရတာပါ ” ဟု ပြောသည်။
ရေနံတူးဖော်ရန် စမ်းသပ်မှုများပြုလုပ်နေသည့် ပန်းတောင်းမြို့နယ်ရှိ စွယ်တော်၊ ရေဝင်၊ ညောင်ကုန်း၊ သီးကုန်း၊ ကုက္ကို ကုန်း၊ ဗြူးကုန်း စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၂ ရွာရှိ ဒေသခံတောင်သူများက ၎င်းတို့၏ မြေယာများ ပျက်စီးဆုံးရှုံးမည့်အရေးနှင့် မိုင်းကြိုးများ သွယ်တန်းထားခြင်းတို့ကြောင့် စိုးရိမ်ကာ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
နိုင်ငံခြားကုမ္ပဏီများနှင့် သုံးနှစ်ဆက်တိုက် ပူးပေါင်း၍ စမ်းသပ်တူးဖော် တိုင်းတာချက်များ ပြုလုပ်ထားသည့် နိုင်ငံစီမံကိန်း ဖြစ်၍ ဒေသခံများက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များထဲတွင် ပန်းတောင်းမြို့နယ်သည် ဝင်ငွေခွန်အနည်းဆုံးနှင့် အလုပ်အကိုင် အခွင့်အလမ်း အရှားပါးဆုံး ဖြစ်နေ၍ ဒေသဖွံ့ဖြိုးရေးကို ရှေးရှု၍ အကြံပေးခဲ့သည့်အပေါ် ဆန္ဒပြခံရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ပြောသည်။
ဒေါ်ခင်နှင်းသစ်က “ ပန်းတောင်းမြို့နယ်မှာ ဖြစ်နေတာတခုက လုပ်ငန်းအများစု ရပ်ဆိုင်းထားရပြီးတော့ ပြည်ခရိုင် ၆ မြို့နယ်ထဲမှာ ဝင်ငွေခွန် အနိမ့်ဆုံးပဲ၊ အလုပ်အကိုင်အခွင့်အလမ်းဆို အရှားဆုံးပဲ။ အဲဒီတော့ ကိုယ့်ဒေသမှာ ရေနံထွက်လာ ရင် ဒေသခံတွေ အလုပ်ရလာမယ်။ ကိုယ့်တိုင်းပြည်မှာလည်း ရေနံလိုအပ်ချက်တွေက အများကြီးပဲဖြစ်နေလို့ ၊ နိုင်ငံတကာက ဝယ်ယူနေရတဲ့ အခြေအနေ ဖြစ်နေလို့ ဒါကနိုင်ငံတော်ရဲ့ စီမံကိန်းဖြစ်တဲ့အခါကျတော့ နိုင်ငံခြား ကုမ္ပဏီတွေ အစိုးရနဲ့ပေါင်းပြီး ဖက်စပ်ရေနံ ရှာနေတာဖြစ်လို့ တယောက်နဲ့တယောက်က ညှိနှိုင်း ပေါင်းစပ်အဖြေရှာဖို့ ကျမက သွားပြီး တော့ အကြံပေးတာကို ကျမကို ဆန္ဒဖော်ထုတ်တာ” ဟု ပြောသည်။
ဆက်လက်ပြီး သူက “ ကျမ အဂတိ လိုက်စားလို့လည်း မဟုတ်ဘူး။ ဥပဒေမဲ့ ပြုကျင့်လို့လည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ ဒေသ ဖွံ့ဖြိုးဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ ဥပဒေအရ အကြံပေးခဲ့တာပါ။ လူနည်းစုရဲ့ အခွင့်အရေးကို မလေးစားတာ မဟုတ်ဘူး။ လူအများစုနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲ ကျမ အကြံပြုခဲ့တာပါ ” ဟု ပြောသည်။
စမ်းသပ်ရေနံတွင်းများကို ရုရှားကုမ္ပဏီ၊ အိန္ဒိယကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ ပူးပေါင်းကာ ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှ စတင်လုပ်ဆောင်နေပြီး ဒေသခံပြည်သူလူထု ကျေနပ်မှုရသည်အထိ လုပ် ဆောင်ပေးရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန္ဒပြခံရသူတဦးဖြစ်သည့် ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောသည်။
ဦးကျော်ဆွေက “နံပါတ်တစ်က ဒီရက်ပိုင်းမှာ MOGE ညွန်ကြားရေးမှူးချုပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ လာမယ်။ ဒီအခြေအနေ သုံးသပ်ပြီးရင်တော့ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်လိမ့်မယ်။ နံပါတ်နှစ်က ပြည်သူတွေ မကျေနပ်တဲ့နေရာတွေကို ကျင်းတူးခြင်းတွေ၊ လုပ်ငန်းဆောင်ရွက်ခြင်းတွေ မလုပ်ကြဖို့။ နံပါတ်သုံးက ပြီးပြီးသား ကိစ္စတွေကို ပျက်စီးတာ ရှိကောင်းရှိ မယ်၊ တွင်းတူးတာ ရှိကောင်းရှိမယ်။ အဲဒါတွေကို အမြန်ဆုံး တောင်သူတွေကို ပေးချေသွားဖို့ပါပဲ။ ဒီတပတ် စနေ၊ တနင်္ဂနွေ မှာ လာလိမ့်မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ပန်းတောင်းမြို့နယ် ဘူးဖတ်နှင့် ရပ်သာကျေးရွာအနီးရှိ ယင်းရေနံစမ်းသပ် တူးဖော်ရေး လုပ်ငန်းကို ကန့်ကွက်ခဲ့သည့်အတွက် နေရာရွှေ့ပြောင်း လုပ်ကိုင်ခဲ့ရပြီး ယခုအကြိမ်မှာ ဒုတိယမြောက် ကန့်ကွက်ခံရခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ပန်းတောင်းမြို့နယ်အတွင်း ရေနံစမ်းသပ်တွင်းပေါင်း ၆ သောင်း တူးဖော်ခဲ့၍ ၂၀၁၇ ခုနှစ်တွင်လည်း ကျေးရွာအုပ်စု ၁၆ စုအတွင်း ရေနံစမ်းသပ်တွင်းပေါင်း ၁၆၈၀၀ တွင်း တူးဖော်သွားရန်ရှိကြောင်း သိရသည်။