သတင်း

တရုတ်နှင့် မြန်မာ သဘောတူစာချုပ် ၅ ခု ချုပ်ဆို

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်တောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနှင့် ပုဂံရှိသမိုင်းဝင် အဆောင်အအုံများ ထိန်းသိမ်း စောင့်ရှောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၅ ခုကို အင်္ဂါနေ့က လက်မှတ်ရေးထိုး လိုက်သည်။

စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တခုနှင့် ပိုးလမ်းမ စီးပွားရေး ရပ်ဝန်းမူဘောင်နှင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမ အစီအစဉ် ဆိုင်ရာ နားလည်မှု စာချွန်လွှာ တခုတို့ ပါဝင်သည်။

တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် တခုကို ထူထောင်ရေး နားလည်မှုစာချွန်လွှာ တခုကို နှစ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးများ လက်မှတ်ရေးထိုး ခဲ့ကြသည်။

အခြား လက်မှတ်ရေးထိုးသော နားလည်မှုချွန်လွှာမှာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်းကော်မရှင်တို့ အကြား ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ ဖြစ်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ငလျှင်ဒဏ်ခံ ပုဂံမှ ရှေးဟောင်း အဆောက်အအုံများ ပြုပြင် ထိန်းသိမ်း ကာကွယ်ရန် တရုတ်နိုင်ငံ နိုင်ငံတော် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်တောင်ဆန်းစုကြည် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့သည် သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။

ထိုစာချုပ် ၅ ခု အနက် ၂ ခု ဖြစ်သော ပိုးလမ်းမ စီးပွားရေး ရပ်ဝန်းမူဘောင်နှင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမ အစီအစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုန်တခုကို ထူထောင်ရေး နားလည်မှုစာချွန်လွှာမှာ ထူးခြားသည် ဟု နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။ အနာဂတ် နားလည်မှုစာချွန်လွှာ အဆိုပြုချက်များနှင့် ပတ်သက်သော နိုင်ငံချင်း သဘောတူညီမှု အဆင့်ကို ဆက်လက် စောင့်ကြည့်ရမည် ဟုလည်း သူက ပြောသည်။

တရုတ်နိုင်ငံသည် မူဆယ် အထူးစီးပွားရေးဇုန် အနီး မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသရှိ ချင်းရွှေဟော်တွင် နောက်ထပ် စီးပွားရေးဇုန် တခု ထူထောင်လိုပုံရသည် ဟုလည်း သူက ပြောသည်။

ရပ်ဝန်းတခု၊ လမ်းတခု နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံမှ ပါဝင်သော လုပ်ငန်းများ အကြား ညှိနှိုင်းနေဆဲ ဖြစ်သော ကျောက်ဖြူမှ ပင်လယ်နက်ဆိပ်ကမ်းနှင့် ပတ်သက်နိုင်သည် ဟုလည်း သူက ဆက်ပြောသည်။

“စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုဖို့လိုပေမယ့် အခြေခံအဆောက်အအုံနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဘယ်သူ ထိန်းချုပ်မလဲ ဆိုတာကိုတော့ သေသေချာချာ စဉ်းစားသင့်တယ်” ဟုလည်း ၎င်းက ပြောသည်။

ဖက်စပ်လုပ်ငန်းများတွင် ညီတူညီမျှ ထိန်းချုပ်ခွင့် ရရန် အစိုးရအနေဖြင့် ညီတူညီမျှ ရင်းနှီးမြှုပ်နှံရန် လိုအပ်သော်လည်း မြန်မာနိုင်ငံ၏ ကြွေးမြီများမှာ ပြဿနာ ဖြစ်နေသောကြောင့် ထည့်သွင်း စဉ်းစားရမည် ဟု ဆိုသည်။ အထူးသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည်လည်း စက်မှုထူထောင်ရေး အတွက် အကန့်အသတ် ရှိနေသည် ဟုလည်း ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာပြီးနောက် ရပ်ဝန်းတခု၊လမ်းတခု ထိပ်သီးဆွေးနွေးပွဲ တက်ရန် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် တရားဝင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

သူမသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် Li Keqiang တို့နှင့် ဘေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading