ကျောက်စိမ်း လုပ်ငန်းသည် မြန်မာ့လက်နက်ကိုင်ပဋိက္ခ၏ အဓိကတွန်းအား ဖြစ်ကြောင်း ဖော်ထုတ်ထားသည့် မှတ်တမ်းရုပ်ရှင် ပြသမည့် အစီအစဉ်ကို ရန်ကုန်ရှိ Park Royal Hotel က ၎င်းတို့တွင် ပြသခွင့် မရှိကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီးနောက် ပြသမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်။
အစိုးရ မဟုတ်သော အဖွဲ့အစည်း တခုဖြစ်သည့် Global Witness ၏ “ကျောက်စိမ်းနှင့် ဗိုလ်ချုပ်ကြီးများ” အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့သမိုင်းဝင် ပြည်ထောင်စုငြိမ်းချမ်ရေး ညီလာခံ မတိုင်မီ စတင်ပြသခြင်း ဖြစ်ပြီး မျှတသော ငြိမ်းချမ်းရေးသည် သြဇာကြီးမားသော စစ်တပ်မိသားစုများနှင့် ကုမ္ပဏီများ၊ ကျောက်စိမ်းမှရသော ကြီးမားသည့် အကျိုးအမြတ်များ မည်သို့ဆုံးရှုံးရသည်ကို ပြသထားသည်။
စင်္ကာပူအခြေစိုက် Pan Pacific ဟိုတယ်အုပ်စု၏ လုပ်ငန်းဖြစ်သော Park Royal Hotel က ထိုရုပ်ရှင် ပြသရန် နာရီပိုင်း အလိုတွင် Global Witness အဖွဲ့အား အကြောင်းစာ တစောင် ပေးပို့ခဲ့ပြီး ထိုစာတွင် “ရုပ်ရှင်ပြသရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးမှ စာဖြင့် ခွင့်ပြုချက် လိုအပ်သောကြောင့် ထိုဗွီဒီယိုကို မပြသနိုင်ကြောင်း စိတ်မကောင်းစွာဖြင့် အကြောင်းကြားအပ်ပါသည်” ဟုဖော်ပြထားသည်။
“ဒီဟိုတယ်က Global Witness ကို ပေးတဲ့ အကြောင်းပြချက်ဟာ သြဇာကြီးမားတဲ့ စစ်တပ်ခေါင်းဆောင် တချို့ကို ဝေဖန်တဲ့ ရုပ်ရှင်ပြသမှုကြောင့် သူတို့ စီးပွားရေးကို ထိခိုက်လာနိုင်တယ် ဆိုတဲ့ နားလည်မှုနဲ့ ဆိုင်တယ်လို့ ကျနော် ပြောနိုင်ပါတယ်” ဟု သူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထိုရုပ်ရှင်ကို ပြသခြင်း မပြုရန် ဆုံးဖြတ်ချက် မချမီ Pan Pacific အုပ်စု၏ ဥပဒေနှင့် ပြည်သူ့ဆက်ဆံရေးဌာနနှင့် တိုင်ပင်ခဲ့သော ဟိုတယ်၏ အထွေထွေမန်နေဂျာ ဂျင်းမတ်ပိုလီကို ဆက်သွယ်၍ မရခဲ့ပေ။
၎င်းတို့ အဖွဲ့သည် တနင်္လာနေ့က သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် အလွန် အပြုသဘော ဆောင်သော အစည်းအဝေး တခုကို ကျင်းပခဲ့ကြောင်းနှင့် ထိုအစည်းအဝေးတွင် ကျောက်စိမ်းနှင့် ဗိုလ်ချုပ်ကြီးများ ရုပ်ရှင်ကို ပြသခဲ့ကြောင်း Global Witness ၏ လှုပ်ရှားမှု ခေါင်းဆောင် ပေါလဒိုနိုဝစ် (Paul Donowitz) က ပြောသည်။ အစိုးရ၏ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းမှ အရာရှိ နှစ်ဦးလည်းထို အစည်းအဝေးကို တက်ရောက်ခဲ့ ကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်သည် ၂၀၁၄ ခုနှစ်က ဒေါ်လာ ၃၁ ဘီလီယံ တန်ကြေးရှိ ကျောက်စိမ်းများ ထွက်ရှိသော ကျောက်မိုင်းများ တည်ရှိရာ နေရာ ဖြစ်သကဲ့သို့ အဆိုးရွားဆုံး တိုက်ပွဲများ ဖြစ်ပွားခဲ့သော နေရာလည်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ကတည်းက ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်များ ဆိုင်းငံ့ထားခဲ့သည်။
ထိုရုပ်ရှင်တွင် တိုက်ပွဲများ ရပ်တန့်ရန်နှင့် ထိုတိုက်ပွဲများကို ဖြစ်ပွားစေသော ကျောက်စိမ်း လုပ်ငန်းကို ပြုပြင် ပြောင်းလဲရန် ဒုက္ခသည်များ၊ ဒေသခေါင်းဆောင်များက တောင်းဆိုခြင်းကို အထောက်အထားဖြင့် ပြသထားသည်။ သြဇာကြီးမားသော ကချင်ခေါင်းဆောင်များနှင့် လူမှုအခြေပြု အဖွဲ့များကလည်း တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် မျှတ၊ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော သယံဇာတ စီမံခန့်ခွဲမှုနှင့် ခွဲဝေအသုံးပြုမှုကို အထူးပြု လုပ်ဆောင်ရန် မကြာမီ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တောင်းဆိုထားသည်။
“ကျောက်စိမ်း ကုမ္ပဏီအများစုက စစ်တပ်နဲ့ ပတ်သက်နေတယ်။ စစ်တပ်က ကျောက်စိမ်းလုပ်ငန်းကို ကာကွယ် နေတယ်၊ နယ်မြေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ဆိုတာ ထင်ရှားပါတယ်” ဟုလည်း Kachin Baptist Convention ၏ ထွေထွေအတွင်းရေးမှူး ဘုန်တော်ကြီး ဆမ်ဆွန် (Samson) က ရုပ်ရှင်ကား၏ တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။
Global Witness ၏ ယခု မှတ်တမ်းရုပ်ရှင်သည် ၂၀၁၅ ခုနှစ်က ရိုက်ကူးခဲ့သော ကျောက်စိမ်း-မြန်မာ့အကြီးမားဆုံး နိုင်ငံတော်လျှို့ဝှက်ချက် (Jade: Myanmar’s ‘Big State Secret’) အမည်ရှိ ရုပ်ရှင်၏ နောက်ဆက်တွဲ ဖြစ်သည်။ ထိုရုပ်ရှင်မှာ နှစ်စဉ် ဒေါ်လာ ဆယ်ဘီလီယံကျော် တရား မဝင်ထုတ်ယူနေသော စစ်တပ်မှ ထိပ်တန်းအရာရှိများ၊ မူးယစ်ရာဇာများနှင့် ခရိုနီကုမ္ပဏီများ၏ ကွန်ယက်တခုကို ဖော်ထုတ်သော တနှစ်ကြာ လေ့လာစုံစမ်းမှုအကြောင်း ဖြစ်သည်။