အခြေခံပညာ အထက်တန်း ကျောင်းများတွင် ဝိဇ္ဇာ ဘာသာရပ် (သမိုင်းနှင့် ပထဝီ) သင်ယူသူ ကျောင်းသား အရေအတွက် နည်းပါးလာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံ၏ အနာဂတ်အတွက် ပညာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှု အခြေအနေကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးခွန်း ထုတ်သည်။
“ကျနော့် မဲဆန္ဒနယ်အတွင်းမှာလည်း ဝိဇ္ဇာတွဲ ဘာသာရပ်ယူသူ တယောက်မှ မရှိခြင်းဟာ အလွန်ထူးဆန်းနေပါတယ်။ ယူမယ့်သူ မရှိလို့ ကျောင်းတွေက မပေးတာလား။ ကျောင်းတွေက မပေးလို့ ယူမယ့်သူ မရှိတာလား ပြန်လည် ဆန်းစစ်ရန် လိုအပ်နေပါတယ်” ဟု ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။
ရန်ကုန်တိုင်းတွင် ကျောင်းသား ၁ သိန်း ၃ သောင်း ကျော်ရှိရာ ဝိဇ္ဇာဘာသာရပ်ယူသူ ကျောင်းသား ၄၇၇ ဦးသာ ရှိကြောင်း၊ ယခု ကဲ့သို့ သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ဟန်ချက်မညီ ဖြစ်နေခြင်း၊ ဝိဇ္ဇာတွဲ ယူမည့်သူ မရှိဖြစ်နေခြင်းသည် ရန်ကုန်တိုင်း အပါအဝင် မြန်မာ တနိုင်ငံ လုံးတွင် ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းကို ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကြိုဆိုကြောင်း ပြောဆိုပြီး ယင်းကိစ္စကို အဖြေ ရှာမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဒေါက်တာ မျိုးသိမ်းကြီးက “ကျောင်းအပ်နှံရေး သတင်းပတ်ကို မေလ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ လွှတ်တော် ကိုယ်စားလှယ် များနဲ့ရော ပြည်သူလူထုနဲ့ပါ ပူးပေါင်းပြီးတော့ လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသလိုပဲ ယူမယ့်သူမရှိလို့ ကျောင်းတွေက မပေးတာလား၊ ကျောင်းတွေက မပေးလို့ ယူမယ့်သူ မရှိတာလား ဆိုတာကို ဝိဇ္ဇာဘာသာတွဲ ယူသူမရှိတဲ့ ကိစ္စတွေ အတွက် ပြန်လည် ဆန်းစစ်သွားပါ့မယ်”ဟုလည်း ပြောဆိုသည်။
သို့သော် အခြေခံပညာ ကဏ္ဍတွင် အထက်တန်းအဆင့် ဘာသာရပ် ရွေးချယ်မှုနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများကို မိမိတို့ ကြိုက်နှစ်သက်ရာ ဘာသာတွဲ သင်ယူနိုင်သည့် သင်ကြားမှု အခွင့်အလမ်းများ ပေးထားပြီး ဖြစ်ကြောင်း၊ မည်သူ့ကိုမျှ မည် သည့် ဘာသာရပ်ကို ရယူရမည်ဟု ဖိအားပေး စေခိုင်ခြင်းမျိုး မပြုလုပ်ထားကြောင်း ပညာရေး ဝန်ကြီးက ပြောသည်။
ခေတ်စနစ်အရ သိပ္ပံဘာသာရပ်ကို သင်ယူလိုသူ များပြားလာသည်ဟု ပြောဆိုကြသော်လည်း အမှန်တကယ်တွင် အထက်တန်း ကျောင်းများ၌ သိပ္ပံဘာသာတွဲကို ဦးစားပေးလွန်းခြင်း၊ ဝိဇ္ဇာဘာသာတွဲကို ယူလိုသော်လည်း ယူရန် အားမပေးခြင်းတို့ကြောင့် သမိုင်းဘာသာရပ် ပါဝင်သော ဝိဇ္ဇာဘာသာတွဲသည် ကွယ်ပျောက်လုနီးပါး ဖြစ်နေရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောဆိုသည်။
“သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက သမိုင်းသင်ရတာ မအအောင်လို့ လို့ ပြောဆိုခဲ့ပါတယ်။ ပထဝီ ပညာရှင်များကလည်း ပထဝီ သင်ရတာ မကန်းအောင်လို့ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ကျနော်မေးမြန်းရတာပါ”ဟုလည်း ၎င်းက ပြောသည်။
သမိုင်းဘာသာရပ်ကို သင်ယူခြင်းအားဖြင့် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့်လိုသော စိတ်ဓာတ်၊ တိုင်းရင်းသား ယဉ်ကျေးမှုကို ဖော်ထုတ်လိုသော စိတ်ဓာတ်များ ပေါ်ထွန်းစေကြောင်း၊ အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန် ဖွံ့ဖြိုးစေပြီး နိုင်ငံတကာ ဆက်ဆံရေးကိုလည်း နားလည် သဘောပေါက်လာနိုင်ကြောင်း၊ အတိတ်က အမှားကို သင်ခန်းစာ ယူ တတ်ပြီး အနာဂတ် ကောင်းမွန်အောင် ပြုလုပ်ရမည်ကို သိရှိလာနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးသည်ဟု သိရသည်။
ပထဝီဘာသာရပ်ကို သိရှိခြင်းအားဖြင့် ကမ္ဘာ့ ပထဝီ၊ မြန်မာ့ ပထဝီကို နားလည်လာခြင်း၊ တော၊ တောင်၊ ရေ၊ မြေ အခြေအနေကို နားလည်လာခြင်း၊ တိုင်းပြည်၏ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး အခြေအနေတို့ကို သိရှိခြင်း စသည့် အကျိုးများ ရှိနိုင်သည်ဟု လည်း ဆိုသည်။