ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည် မကြာမီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည် မဟုတ်သကဲ့သို့ အစိုးရက အဆိုပြုထားသည့် ငြိမ်းချမ်ရေး ကတိကဝတ် စာချုပ်ကိုလည်း လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ဗဟိုကော်မတီ အစည်းအဝေးက အတည်ပြုလိုက်သည်။
၂၁ ရာစု ပင်လုံညီလာခံ ဟုလည်း ခေါ်သည့် လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ လေ့လာသူ အဖြစ်သာ ဖိတ်ကြားမည် ဆိုလျင် တက်ရောက်မည် မဟုတ်ကြောင်း KNPP အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ခူးဦးရယ်က ဧရာဝတီသင်းဌာနသို့ ပြောသည်။ ငြိမ်းချမ်းရေး ကတိကဝတ် စာချုပ်သည်လည်း အစိုးရ၏ လမ်းကြောင်း ဖြစ်သည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို လိုက်နာရမည့် ကတိဖြစ်သောကြောင့် လက်မှတ် မထိုးနိုင်ဟုလည်း သူက ပြောသည်။
“ကျနော်တို့က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ မူ ၈ ချက်ကို ညှိနှိုင်းတဲ့ အထိ ဆက်လက် ဆုပ်ကိုင်မယ်” ဟုလည်း ၎င်းက ပြောသည်။ UNFC ၏ နိုင်ငံရေး ညှိနှိုင်းမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ တောင်းဆိုသော အချက်များကို သဘောတူပါက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘာတူစာချုပ် လက်မှတ်ရေးထိုးရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆွေးနွေးနေသည်။
“အစိုးရက ခေါင်းမာမာနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ပဲ ဆက်သွားနေတယ်။ ဒါပေမယ့် သူတို့က တခု မပြီးသေးဘဲ နောက်တခုလုပ်နေတာ” ဟုလည်း ခူးဦးရယ်က ပြောသည်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် အဓိက အချက်တခုဖြစ်သော လူမျိုးစုံ ပါဝင်သည့် ညှိနှိုင်း ဆွေးနွေပွဲများ ဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အုပ်စုအားလုံးတွင် မကျင်းပရ သေးခြင်းကို ရည်ညွှန်း ပြောကြားခြင်း ဖြစ်သည်။
မေလ ၂၄ ရက်နေ့တွင် စတင်မည့် ငြိမ်းချမ်းရေးညီလာခံတွင် အဖွဲ့အများအပြားကို ကိုယ်စားပြုခြင်း မရှိသော်လည်း ကိုယ်စားလှယ်များသည် အဓိက ကဏ္ဍ ၅ ခုနှင့် ပတ်သက်သော ပြည်ထောင်စု သဘောတူညီချက်ကို လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။
KNPP သည် လွန်ခဲ့သော အပတ်က ၁၃ ကြိမ်မြောက် ကွန်ကရက်က ရွေးချယ်ခဲ့သည့် ထိပ်တန်းကော်မတီ ၃၃ ဦးအနက်မှ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖွဲ့အပါအဝင် ဗဟိုကော်မတီသစ်ကို ဗုဒ္ဓဟူးနေ့က ခန့်အပ်ခဲ့သည်။ ယခင်က ဒုဥက္ကဋ္ဌဖြစ်သော ခူးဦးရယ်ကို မူလရာထူးတွင် ပြန်လည်ခန့်အပ်ခဲ့ပြီး ရွှေမျိုးသန့်၊ ခူးပလူးရယ် နှင့် ခူးဒယ်နီရယ်လ်တို့ကို အတွင်းရေးမှူးအဖွဲ့ အဖြစ် ခန့်အပ်ခဲ့သည်။
UNFC ၏ အဖွဲ့ဝင်ဖြစ်သော မွန်ပြည်သစ်ပါတီသည် လည်း လေ့လာသူ အဖြစ် မကြာမီ ကျင်းပမည့် ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
KNPP ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလက ကျင်းပသော ပထမအကြိမ် ငြိမ်းချမ်းရေး ညီလာခံသို့ ၎င်းတို့၏ တပ်ပေါင်းစုဖြစ်သော UNFC နှင့် အတူ တက်ရောက်ခဲ့ပြီး ၎င်းတို၏ သဘောထားကို ညီလာခံတွင် ပြောကြားခဲ့သည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုး မထားသော လူမျိုးစု လက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေး ကတိကဝတ် စာချုပ်ကို လက်မှတ်ရေးထိုးရန် သဘောတူပါက ကိုယ်စားလှယ်အဆင့်ဖြင့် ဖိတ်ကြားမည် ဟု အစိုးရက ပြောသည်။
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဦးခူးရယ် ဦးဆောင်သော UNFC ၏ နိုင်ငံရေး ညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့တို့သည် ဒုတိယအကြိမ် ပင်လုံညီလာခံ မတိုင်မီ ထပ်မံတွေ့ဆုံဆွေးနွေးရန် ဧပြီလ ၂၈ ရက်နေ့က ကျင်းပသော နောက်ဆုံး အစည်းအဝေးတွင် သဘောတူခဲ့သော်လည်း UNFC က တွေ့ဆုံရန် မအားမလပ် ဖြစ်နေသည် ဟု ဆိုသည်။ ။