ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တို့အကြား ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာသည့် အနေအထား ရှိနေကြောင်း သိရသည်။
KIA တပ်ရင်း (၆) ဒုဗိုလ်မှူးကြီး တန်ဆန်းက “ကျနော်တို့ဧရိယာထဲ သူတို့ကျွံဝင်နေပြီ။ ဒီထက်ကျွံဝင်လာရင် ကြီးကြီးမားမားတိုက်ပွဲ ဖြစ်လာနိုင်တဲ့ အနေအထားရောက်နေပြီ။ စစ်သဘောသဘာဝအရ ဒါ တင်းမာနေတဲ့ အခြေအနေ ရောက်နေပြီ” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်မှစတင်ပြီး တပ်မတော်စစ်ကြောင်းများသည် ၎င်းတို့တပ်ရင်း (၆) နယ်မြေအတွင်းသို့ ဝင်ရောက်လာသဖြင့် သတိအနေအထားဖြင့်စောင့်ကြည့်နေကြောင်းနှင့် အလားတူ ဖားကန့်မြို့နယ်၊ ကာမိုင်းတွင်လည်း တပ်မတော်စစ်ကြောင်းများ နီးကပ်လာသဖြင့် အပြန်အလှန် ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒုဗိုလ်မှူးကြီး တန်ဆန်းက ဆက်ပြောသည်။
“ပစ်ခတ်မှု ၂ ကြိမ်ဖြစ်တာ ဒီရက်ထဲမှာပဲ။ ကာမိုင်းနားက ကားလမ်းနဲ့ဝေးတဲ့ နေရာလောက်မှာ ဖြစ်တာပါ။ ကျနော်က တောထဲမှာရောက်နေတော့ သတင်းပို့တဲ့အချက်အလက်အရ ဒီလောက်ပဲ ပြောနိုင်တယ်” ဟု ၎င်းက ဆိုသည်။
လူမှုရေးသတင်းမီဒီယာတခုဖြစ်သည့် Facebook စာမျက်နှာတွင် ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်တပ်များ အကျအဆုံးများသည်ဟု သတင်းများပျံ့နှံ့ထွက်ပေါ်နေသည်။ ထိုသတင်းများ မဟုတ်မှန်ကြောင်းနှင့် တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခြင်း လုံးဝမရှိသေးကြောင်း ဒုဗိုလ်မှူးကြီး တန်ဆန်းက ပြောသည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ကာမိုင်းမြို့နယ်ခံ စားသောက်ဆိုင်ပိုင်ရှင်တဦးဖြစ်သည့် ဦးကျော်မြင့်က “ ပြီးခဲ့တဲ့ ၂ ရက်က သေနတ်သံတွေ ကြားရတယ်ဆိုပြီး တယောက်စကား တယောက်ပြောနေကြလို့ ကျနော်တို့ ဒေသခံတွေလည်း အခြေအနေ စောင့်ကြည့်နေတာပါ။ ဒေသခံတွေလည်းကြောက်လို့ အသွားအလာ သတိထားနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ဧရာဝတီက တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း မေးမြန်းဆက်သွယ်မရပါ။
တပ်မတော်နှင့် KIA အဖွဲ့အကြား ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဖားကန့်မြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို ထောက်ပံ့မည့် ရိက္ခာများကို KIA တပ်ရင်း (၆) သို့ ပို့မည်ဟူသည့် သံသယဖြင့် တပ်မတော်က ရိက္ခာသယ်လာသည့် Green Land သဘာဝပတ်ဝန်းကျင်အဖွဲ့ကို တားဆီးမှုများ ဖြစ်ခဲ့သည်။
KIA အဖွဲ့သည် အစိုးရ၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းခဲ့သော်လည်း တိုက်ပွဲများ ပြင်းထန်ပြီးနောက် NCA ကို ငြင်းပယ်သည့် “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ”တွင် ပါဝင်ပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။