နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP)က မူဝါဒ ချမှတ်ကျင့်သုံးသူများ(Policy Maker)ကို စာတမ်းများ ထုတ်ဝေ အကြံပြုထားကြောင်း သိရသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများနှင့် သဘောတူညီမှုများ၌ အမျိုး သမီးပါဝင်မှုနှုန်း နည်းပါးနေသေးခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ ရလဒ်များတွင် ကျား၊ မ ရေးရာပါဝင်မှု ရှိစေရေးတို့အတွက် ယခုကဲ့သို့ အကြံပြုမူဝါဒစာတမ်းများ ထုတ်ဝေရခြင်းဖြစ်ကြောင်း AGIPP ဥက္ကဋ္ဌ မိကွန်ချမ်းနွန်က ပြောသည်။
“နိုင်ငံရဲ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်တလျှောက်မှာ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားခဲ့တာကို တွေ့မြင်ရပေမယ့် အမျိုးသမီး တွေ ရဲ့ပါဝင်မှု၊ အမျိုးသမီးတွေရဲ့ကဏ္ဍကို အသိအမှတ်ပြုမှု၊ လက်ခံကြိုဆိုမှုတွေဟာ အခုထိနည်းနေသေးတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်နိုင်မယ့်အမျိုးသမီးဦးရေ ပိုပြီး ပါဝင်သင့်တယ်ဆိုတာကို ဆက်လက်အကြံပြုသွား ဖို့လိုပါတယ်” ဟု မိကွန်ချမ်းနွန်က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုးသမီးကိုယ်စားလှယ် ၇ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး မကြာခင် ကျင်းပမည့် ဒုတိယအကြိမ်တွင် ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို တွေ့ရသော်လည်း တောင်းဆို ထားသည့် ၃၀ ရာခိုင်နှုန်းကို မရောက်ရှိသေးကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်နေသည့် ကော်မတီ များ တွင်လည်း အမျိုးသမီးပါဝင်မှု ၁၀ ရာခိုင်နှုန်း အောက်ကျနေသေးသည်ကို တွေ့ရှိရကြောင်း ရှင်းပြသည်။
AGIPP အနေဖြင့် မေ ၁၉ ရက်က ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Best Western Green Hill Hotel တွင် သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ရာ ၎င်းတို့ပြုစု ထုတ်ဝေထားသော စာတမ်း အမှတ်(၂)နှင့် (၃)တို့ကို မိတ်ဆက် ရှင်းလင်း ခဲ့သည်။
“ခွဲခြားဆက်ဆံမှုများ ကင်းဝေးရာမှ အားလုံးပါဝင်မှုဆီသို့ နိုင်ငံရေးစကားဝိုင်း အကြောင်းအရာများအပေါ် ကျား/မ ရေးရာ ဂျန်ဒါ အမြင်ရှုထောင့်များ – မူဝါဒ စာတမ်း အမှတ်(၂)” ကို ၂၀၁၇ ဖေေဖော်ဝါရီက ထုတ်ဝေခဲ့ပြီး “မြန်မာနိုင်ငံ ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အတွင်း ကျား/မ ရေးရာ သဘောတရားကို ထည့်သွင်း ဖော်ဆောင်ရန် လမ်းညွှန်ပေးသည့် နိုင်ငံတကာ စံချိန်စံနှုန်းများ – မူဝါဒစာတမ်း အမှတ် (၃)” ကို ၂၀၁၇ မေလအတွင်းက ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
AGIPP ၏ အကြံပြုချက်များတွင် အမျိုးသမီး အခွင့်အရေးနှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကို မြှင့်တင် အားပေး သည့် နိုင်ငံတကာ စံနှုန်းများကို အကောင်အထည် ဖော်ဆောင်ရန်နှင့် ယင်းတို့ကို အခြေခံသည့် မူဝါဒများရေးဆွဲရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ကျား၊မ ရေးရာ တန်းတူညီမျှရေးကို ကန့်သတ်ပိတ်ပင်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ တချို့သောပုဒ်မများကို ပြင်ဆင်ရန်ဟူသည့် အချက်များ ပါဝင်သည်။
မြန်မာနိုင်ငံအနေဖြင့် သဘောတူ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ ကတိကဝတ်စာချုပ်များကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက လေးစားလိုက်နာပြီး အကောင်အထည် ဖော်ဆောင်ရွက်ရန်လည်း AGIPP က တိုက်တွန်းထားသည်။
AGIPP က ထုတ်ဝေသော စာတမ်းများသည် ပညာရှင်များသာစုဖွဲ့ပြီ ရေးထားခြင်းမဟုတ်ဘဲ အလွှာအသီးသီးရှိ အမျိုးသမီး ထု၏အသံကို စုစည်းထားခြင်းဖြစ်ကြောင်း၊ ၂၀၁၅ – ၂၀၁၆ အတွင်း တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများမှ ထွက်လာသည့် အမျိုးသမီး ၂၀၀၀ ကျော် ၏ အသံများနှင့် ပညာရှင်များ ၏ အကြံပြုချက်များ ထည့်သွင်းထားကြောင်း AGIPP အဖွဲ့ဝင် နန်းဖြူဖြူလင်းက ပြော သည်။
“ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ချင်တယ်လို့ ပြောဆိုလိုက်တာနဲ့ ဘာကိစ္စနဲ့ ပါဝင်ချင်ရတာလဲ။ ဒီလိုပါဝင်လို့ ရော ဘာထူးမှာလဲဆိုသူတွေ။ ထူးပါတယ်။ သက်သေကိုရှိပါတယ်။ နိုင်ငံတကာ လေ့လာချက်အရ အမျိုးသမီး ပါဝင်မှု ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်စေဖို့ ၆၄ ရာခိုင်နှုန်း ပိုဖြစ်နိုင်ခြေရှိပါတယ်။ ဒါဟာ Global Study တခုကနေ ကောက်ယူထားတာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
ဆက်လက်၍ ၎င်းက အမျိုးသမီးများ ပါဝင်ချင်သည်သာပြောပြီး အရေးအကြောင်းဆိုလျှင် ခေါ်စရာမရှိဘူးဟု ပြောဆိုမှု များ မဖြစ်ရအောင် AGIPP အနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် အသိပညာပေးမှုများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိပြီး ကဏ္ဍအသီးသီးအလိုက် ဦးဆောင်ဆွေးနွေးနိုင်မည့် အမျိုးသမီး များ ၏ ကိုယ်ရေး အကျဉ်းပါဝင်သည့် အမည်စာရင်းကိုလည်း စတင်ပြုစုနေပြီဟု ပြောသည်။
AGIPP အနေဖြင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများပါဝင်မှုနှုန်းကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်ပြီး ကွန်ရက်၊ အဖွဲ့ အစည်းများနှင့်သာမက တနိုင်ငံလုံးရှိ အမျိုးသမီးများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ့ လူ့ အဖွဲ့ အစည်း၏ အမြင် သဘောထားပြောင်းလဲမှုများကိုပါ လုပ်ဆောင်သွားမည်ဟု နန်းဖြူဖြူလင်းက ရှင်းလင်းပြောဆိုသည်။
AGIPP ၏ “အမျိုးသမီးများ အသင့်ဖြစ်နေပြီ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အသွင်ကူးပြောင်းရာ၌ အခွင့်အလမ်းတခု – ဆွေးနွေးမှု စာတမ်းအမှတ်(၁)” ကို ၂၀၁၆ ဇန်နဝါရီလက ထုတ်ဝေခဲ့ပြီးဖြစ်သည်။
AGIPP ကို အမျိုးသမီးများ၏ အခွင့်အရေးများ၊ ကျား/မ ရေးရာ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အာရုံစိုက် လုပ်ကိုင် နေကြသည့် အေးချမ်းမြန်မာ အင်စတီကျူ(GDI)၊ ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ရက်(GEN)၊ မွန် အမျိုးသမီးများ ကွန် ရက်(MWN)၊ အမျိုးသမီးအဖွဲ့များ ကွန်ရက်(WON) စသည့် အဖွဲ့အစည်း ကွန်ရက်ပေါင်း ၇ ခုက ၂၀၁၄ သြဂုတ်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ အောက်တိုဘာတွင် ငြိမ်းချမ်းရေးပံ့ပိုးမှု ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှု ဖြင့် လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။