တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သည့် တရားခံပြေး အောင်ဝင်းခိုင်ကို ၎င်းပျောက်ဆုံးသွားသည့် နေပြည်တော် ပရဆေးဥယျာဉ် တည်ရှိရာ ဇမ္ဗူသီရိမြို့နယ်တွင် ဖမ်းဝရမ်း တစောင် ထပ်မံထုတ်ပေးရန် တောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးက ယနေ့ ညနေပိုင်းတွင် ပယ်ချလိုက်သည်။
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက အောင်ဝင်းခိုင်၏ နေအိမ်တည်ရှိခဲ့ရာ သာကေတ အပါအဝင် ဒေါပုံ၊ ဗဟန်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မိတ္ထီလာ အပါအဝင် မြို့နယ် ၆ ခုတွင် ဖမ်းဝရမ်းထုတ်ပြန်ထားသော်လည်း ၎င်း ပျောက်ဆုံးသွားသည့်နေရာအနီးတဝိုက်တွင် ဖမ်းဝရမ်းထုတ်ပြန်ထားမှု မရှိသဖြင့် ဝရမ်းထုတ်ပေးရန် ဧပြီလကုန်ပိုင်းက တရားရုံးတော်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
“မူလခရိုင်တရားရုံးက ဘာလုပ်လဲဆိုတော့ တရားခံပြေးပါဆိုတဲ့ဟာကို သူ့အိမ်ကို သွားရှာတယ်။ ဒါကြောင့် အဲဒီဖမ်းဝရမ်းသည် မလုံလောက်ဘူးဆိုပြီး ထပ်လျှောက်တာ။ ထပ်မံပြီး ဖမ်းဝရမ်းလျှောက်ထားမှုကို ခွင့်မပြုဘူး။ အမှန်တကယ်ပျောက်ဆုံးတဲ့နေရာကို ဖမ်းဝရမ်း မထုတ်ခဲ့ဘူး။ ပလပ်လိုက်တယ်။ တရားရုံးကထုတ်ပြန်တဲ့ဖမ်းဝရမ်းတစောင်ဟာ လိုအပ်တဲ့နေရာမှာ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ဖို့ လိုအပ်တယ်။ ပယ်တဲ့အကြောင်းအရင်းကို မသိရသေးဘူး” ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလ က ရှင်းပြသည်။
အင်တာပိုလ်အထိ ဓာတ်ပုံပေးဖို့ ရှာဖွေနေဆဲဖြစ်သော တရားခံပြေးအောင်ဝင်းခိုင်နှင့် ပတ်သက်၍ လတ်တလော စုံစမ်းမှုများသည်လည်း ထူးခြားမှု မရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရားခံအောင်ဝင်းခိုင်သည် ရောင်ဝါဖြိုး ကုမ္ပဏီ ဒါရိုက်တာ တဦးဖြစ်သော ရဲထွဋ်လှိုင်နှင့်အတူ နေပြည်တော်သို့ သွားစဉ် နေပြည်တော် ပရဆေးဥယျာဉ် ရှေ့အရောက်တွင် ကားရပ်တန့်ခိုင်းပြီး လူတယောက်လာခေါ်မည်ဟု ပြော၍ ကားပေါ်မှ ဆင်းသွားပြီး နောက်ပိုင်း ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်သည်။
တရားခံပြေးအောင်ဝင်းခိုင်သည် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၃၆ ဆင်းသည့် ဒုတိယဗိုလ်မှူးကြီး အဆင့်ထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ လုပ်ဆောင်ပြောဆိုချက်များကို မကြိုက်၍ဟုဆိုကာ ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ ကြည်လင်းတို့နှင့် တိုင်ပင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်ရာ ၎င်းကို ပုဒ် ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ အမှုတွင် ပါဝင်နေသည့် တရားခံ ကြည်လင်း (ခ) ဖိုးထူးအား ပုဒ်မ ၃၀၂၊ လဝကအက်ဥပဒေ၊ လက်နက်မှုများ၊ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂၊ ၁၉ (ခ)၊ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂၊ ပုဒ် ၆၇၊ ၄၂၀၊ ၄၆၈နှင့် အောင်ဝင်းသန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်။