ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ်မြို့တော် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို မည်သည့် အဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်မည်နည်းဟု ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
ယုဇနဥယျာဉ်မြို့တော်တွင် လမ်းပြုပြင်ခြင်း ၊ ရေမြောင်းပြုပြင်ခြင်းနှင့် သောက်သုံးရေမရှိခြင်း စသည့် အခက်အခဲများကို တာဝန်ယူဖြေရှင်းမည့် အဖွဲ့အစည်း မရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ယခုကဲ့သို့ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ဦးဌေးဦးက “ မည်သူ့မှာ တာဝန်ရှိလို့ မည်သူ့မှာ တာဝန်ရှိမှန်း မသိတဲ့ ပြည်သူတွေဟာ ကိုယ့်ဘာသာလုပ်ပြီး ကိုယ့် ဘာသာ ဒုက္ခခံစားနေကြရပါတယ်” ဟု မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။
ဆက်လက်ပြီး “ကုမ္ပဏီကနေပြီး ဒီတိုက်ခန်းတွေကို တရားဝင် လွှဲပြောင်းပေးထားခြင်း မရှိတာကြောင့် စည်ပင်မှာ တာဝန်မရှိဘူးလို့ ပြောပါတယ်။ ဒီအတိုင်းပဲ လျှပ်စစ်မီးမှာလည်း မီးတိုင်တွေ၊ မီးလုံးတွေ ပျက်စီးလို့ သွားပြောရင် ဒါတွေက ကုမ္ပဏီပိုင်ပစ္စည်းများဖြစ်လို့ ကုမ္ပဏီကနေ တရားဝင် လွှဲပြောင်းထားခြင်း မရှိတဲ့အတွက် YESB အနေနဲ့ မလုပ်ဆောင်ပေးပါ ဆိုပြီး လူထုတွေ့ဆုံပွဲမှာ ပြောပါတယ်” ဟု ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယုဇနဥယျာဉ်မြို့တော်ကို အိုးအိမ်ဦးစီးဌာနက ၄ ရာခိုင်နှုန်း ၊ စည်ပင်က ၄ရာခိုင်နှုန်းနှင့် ယုဇနကုမ္ပဏီက ၉၁ ရာခိုင်နှုန်းတို့ဖြင့် အချိုးကျ စီမံခန့်ခွဲကြခြင်းဖြစ်ကြောင်း မေးမြန်းမှုအပေါ် ရှင်းလင်း ပြောကြားသည်။
ဦးဝင်းခိုင်က “ယုဇနဥယျာဉ်အိမ်ရာက စတင်တည်ဆောက်ကတည်းက စီမံကိန်းပုံစံနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက် တွေ ရှိခဲ့ပါတယ်။ ပြီးတော့ အိမ်ခန်းပိုင်အဖြစ် အပြီးအပြတ်ရောင်းချတာမို့လို့ အိမ်ရာစီမံ ခန့်ခွဲရေး ကော်မတီတွေကသာ ဒီအခက်အခဲတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး “ လက်ရှိ ဥယျာဉ်အိမ်ရာမြို့တော်ရဲ့ အခြေအနေက ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် တော်တော်လေးကို အခက်အခဲတွေ ရှိပါတယ်။ ခုနကပြောတဲ့ အခက်အခဲတွေကလည်း အမှန်ပဲဖြစ်ပါတယ်။ လူဦးရေ ၅သောင်းလည်း အမှန်တကယ်ပဲ ဒုက္ခရောက်ပါတယ်” ဟု ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက လတ်တလော ကြုံတွေ့နေသည့် ပြဿနာများအတွက် သက်ဆိုင်ရာကုမ္ပဏီ နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ညှိုနှိုင်းဆောင်ရွက်ရန် စီစဉ်ပေးမည်ဟု သိရသည်။
ယုဇနဥယျာဉ်မြို့တော်ကို ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၂ ရပ်ကွက်နှင့် ၉၄ ရပ်ကွက်တို့တွင် ၁၉၉၉ ခုနှစ်ကတည်းက စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် အိမ်ခန်းပေါင်း တသောင်းဝန်းကျင် ရှိသည်။