ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသမှုဌာနတွင် တက်ရောက်ကုသမှု ခံယူနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက သူရဦးတင်ဦး အခြေအနေတိုးတက်လာသော်လည်း လေတခြမ်းဖြတ် ရောဂါကြောင့် စကားမပြောဆိုနိုင်သေးကြောင်း ဦးနှောက်နှင့် အာရုံကြောဌာန ပါမောက္ခဌာနမှူး ဒေါက်တာဝင်းမင်းသစ်က ပြောသည်။
ဒေါက်တာ ဝင်းမင်းသစ်က “ညာဘက်တခြမ်း လေဖြတ်ထားတာပေါ့။ အဲဒါကြောင့် စကားမပြောနိုင် သေးဘူး။ ဘယ်ဘက်ကတော့ ကောင်းမွန်စွာလှုပ်ရှားလို့ ရတယ်။ တပတ်အတွင်း ရောဂါလဏ္ခာတွေက အမျိုးမျိုးဖြစ်နိုင်လို့ စောင့်ကြည့်ရဦးမှာပါ” ဟု ပြောသည်။
ချော်လဲသည့်ဒဏ်ရာကြောင့် သူရဦးတင်ဦး၏ ဦးနှောက်သွေးကြောမကြီး ၃ ခု ရှိသည့်အနက် သွေးကြောတခုတွင် သွေးခဲပြီး သွေးကြောပိတ်မှု ဖြစ်ပွားခဲ့သော်လည်း သွေးခဲမှုပမာဏ နည်းသည့်အတွက် ခွဲစိတ်ကုသရန် မလိုအပ်ကြောင်း ဦးနှောက်နှင့်အာရုံကြောကုသမှုဌာန ပါမောက္ခဌာနမှူး ဒေါက်တာမြတ်သူက ရှင်းပြသည်။
သူရဦးတင်ဦးသည် အသက် ၉၁ နှစ် ကျော်ပြီဖြစ်ပြီး၊ မူလကတည်းက နှလုံးရောဂါနှင့် သွေးတိုးရောဂါလည်း ရှိနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်များက ပြောသည်။ ချော်လဲသည့်ဒဏ်ကြောင့် ဦးနှောက်သွေးကြောပိတ်ရောဂါ ခံစားရသော်လည်း သူရဦးတင်ဦး၏ ခြေ၊ လက် အရိုးအဆစ်များနှင့် ပတ်သက်၍ ထိခိုက်မှု မရှိကြောင်း ၎င်းတို့က ပြောသည်။
သူရဦးတင်ဦး၏ ရောဂါအခြေအနေများနှင့် ပတ်သက်၍ အချိန်ပြည့် စောင့်ကြည့်ကုသနိုင်ရန် ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို ဦးဆောင်သည့် ကုသရေးဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး ကုသရေး ဌာနအလိုက် ပါမောက္ခဆရာဝန်များ ပါဝင်ကြောင်း သိရသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက “အန်ကယ့်ရဲ့အခြေအနေက မနေ့ကထက်စာရင် ဒီနေ့အခြေအနေ တိုးတက်လာတာကို တွေ့ရပါတယ်”ဟု ဆိုသည်။
သူရဦးတင်ဦးသည် မေလ ၁၇ ရက် ညပိုင်းက နေအိမ်ရေချိုးခန်းအတွင်း ချော်လဲရာမှ သတိလစ် မေ့မြောမှုကြောင့် ရွှေဂုံတိုင်ရှိ SSC ဆေးရုံသို့ ဦးစွာတင်ပို့ကုသခဲ့သည်။ ထိုမှတဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ မေလ ၁၈ ရက် နံနက်ပိုင်းက လွှဲပြောင်းကုသခြင်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ချိန်မှစ၍ ၃၆ နာရီအတွင်း ရောဂါအခြေအနေများ တိုးတက်လာသော်လည်း အသက်အန္တရာယ်အပေါ် စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ဆရာဝန်ကြီးများက ဆိုသည်။
သူရဦးတင်ဦး၏ ရောဂါအခြေအနေများနှင့် ပတ်သက်၍ လက်ရှိအချိန်၌ တိကျစွာပြောဆိုရန် ခက်ခဲနေသေးပြီး ရောဂါတိုးတက်မှု အခြေအနေကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေပြီး အနည်းဆုံး ဆေးရုံတွင် ၃ ပတ်ခန့် ကုသမှုခံယူရမည်ဟု ၎င်းတို့က ပြောသည်။
သူရဦးတင်ဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က“ ကျနော်တို့ NLD မှာ အဓိကအကျဆုံး တကယ့်ခေါင်းဆောင်ကြီးပါ။ သူမရှိလို့ရှိရင် ကျနော်တို့ NLD ရဲ့ Image (ပုံရိပ်) အများကြီး ကျသွားနိုင်တယ်” ဟု ယနေ့နံနက်ပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ် ရန်အောင်မြင် ရွှေလက်လှဘုရား၌ ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲတွင် ပြောဆိုသည်။