ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အပြင်ရေဆိုင် ကျေးရွာအနီး ဖွင့်လှစ်ထားသည့် အဝါရောင် မျိုးဆက်သစ် (YGW) မိဘမဲ့ကလေးများနှင့် နွမ်းပါးကလေးသူငယ်များ စောင့်ရှောက်ရေး ကျောင်းရှိ ကလေးငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှု အပေါ် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
လပွတ္တာမြို့ YGW ပရဟိတ မိဘမဲ့ကျောင်းမှ အိမ်ပြန်လိုသည့် ကလေးငယ်တချို့အား ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူ ဆရာတော်များက ရိုက်နှက်မှုများရှိနေသည့် ကိစ္စအပေါ် ဧရာဝတီတိုင်း အစိုးရ၏ ညွှန်ကြားမှုဖြင့် တိုင်းဒေသကြီး လူမှု ဝန်ထမ်း ဦးစီးဌာန၊ တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနနှင့် လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့များ က သွားရောက်စစ် ဆေးနေကြောင်း သိရသည်။
“လပွတ္တာကိစ္စကိုတော့ ၃ ပိုင်းခွဲပြီး စစ်ဆေးခိုင်းထားပါတယ်။ လူမှုဝန်ထမ်း ဦးစီးဌာနကတော့ စစ်ဆေးပြီး တင်ပြချက်မှာ ပြည်သူလူထုရဲ့တင်ပြချက်နဲ့ အဲ့ဒီလိုဖြစ်ပျက်နေတဲ့ ကိစ္စတွေက မှန်ကန်တယ်ဆိုပြီး တင်ပြလာပါတယ်။ သာသနာရေး ဦးစီးဌာနနဲ့ ခရိုင်အုပ်ချုပ်ရေးမှုး တွေရဲ့ စစ်ဆေးချက်တွေကလည်း မြန်မြန်ဆန်ဆန် တင်ပြလာပါလိမ့်မယ်၊ အဲ့ဒီတင်ပြ လာတာတွေ အပေါ် မူတည်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားပါ့မယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
လပွတ္တာမြို့နယ်ရှိ အဆိုပါ YGW ပရဟိတ မိဘမဲ့ဂေဟာကို သက်တော် ၃၀ ဝန်းကျင်ရှိ သံဃာတော် ၄ ပါးက ဦးဆောင် ဖွင့်လှစ်ထားပြီး မိဘမဲ့ကလေးများ အပါအဝင် ကျောင်းထားရန် ငွေကြေး အခက်အခဲရှိသည့် လပွတ္တာမြို့နယ်မှ ကလေး သူငယ် ၁၅၀ ခန့်ကို လက်ခံစောင့်ရှောက်ပြီး ပညာသင်ပေးခြင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ပြည်တွင်းထုတ် ကုမုဒြာ ဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင် လပွတ္တာမြို့ ရှိ YGW ကျောင်းမှ ကလေးငယ်များအား ရိုက်နှက်ညှဉ်းပန်းနေကြောင်း၊ ကျောက်တန်းကျေးရွာမှ မိန်းကလေးငယ် တဦးကိုလည်း ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူ ဆရာတော်တပါးက ထဘီဆွဲချွတ်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့ကြောင်း ဖော်ပြရေးသား ခဲ့သည်။
အဆိုပါ ရေးသားချက်နှင့်ပတ်သက်၍ အိမ်ပြန်လိုသည့် ကလေးငယ်တချို့ကို ရိုက်နှက်သည်မှာ မှန်သော်လည်း ကျောက် တန်း ကျေးရွာမှ မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားသည် ဆိုခြင်းမှာ လုံး၀ မဟုတ်ကြောင်း၊ ကျောက်တန်း ကျေးရွာမှ လပွတ္တာ YGW ကျောင်းတွင် ကျောင်းထားသူ လုံးဝမရှိကြောင်း လပွတ္တာ YGW ကျောင်းတာဝန်ခံ ဆရာတော် ဦးက္ကုန္ဒောဘာသက ဧရာဝတီကို မိန့်ကြားသည်။
“အဲ့ဒီ ၁၁ ရက်နေ့ညက ပြန်ချင်တဲ့ကလေး ၉ ယောက်ကို ရိုက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ဆရာက တပည့်ကို ဆုံးမ တဲ့ အနေအထားမျိုးနဲ့ပဲ ရိုက်ခဲ့တာပါ။ ကျောက်တန်းရွာက မိန်းကလေးကို ထဘီဆွဲချွတ်တယ်ဆိုတာလည်း လုံးဝမဟုတ် ပါဘူး။ ဦးပဉ္ဖင်းတို့ကို တိုက်ခိုက်ချင်လို့ လုပ်ကြံရေးသားတာ ဖြစ်ပါတယ်။ ကျောက်တန်းရွာကနေ ဒီကျောင်းမှာ ကျောင်း လာ ထားတဲ့ကလေး တယောက်မှ မရှိပါဘူး”ဟုလည်း ဆရာတော် ဦးက္ကုန္ဒောဘာသာက မိန့်သည်။
အွန်လိုင်းသတင်းတွင် ဖော်ပြထားသည့်ဓာတ်ပုံမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့် လပွတ္တာမြို့ ကြာကန် ကျေးရွာ မှ မောင်ချစ်သူအောင် (ခေါ်) အောင်အောင် ဆိုသည့် ကလေးငယ်ကို ရိုက်နှက်ဆုံးမရင်း ခေါင်းပေါက်ခဲ့သည့် ဓာတ်ပုံ ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍လည်း ကြာကန်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ ရှေ့မှောက်တွင် မောင်ချစ်သူ အောင်၏ မိဘများအား တောင်းပန်၍ ကြေအေးထားခဲ့သည့်ကိစ္စ ဖြစ်ကြောင်း ဆရာတော်က ဆက်လက် ပြောဆို သည်။
လပွတ္တာ YGW မိဘမဲ့ကျောင်းတွင် ကျောင်းသို့ မိအုပ်ထိမ်းသူများ ကိုယ်တိုင် လာရောက်အပ်နှံသည့် ကလေးငယ်များကို ၃ နှစ်အထိ ကျောင်းတွင်ထားပေးရန်၊ ကျောင်းတွင်မနေလိုပါက တစ်ပတ်ခန့် ကြိုတင် အကြောင်းကြားရန် မိဘများကိုယ်တိုင် စာချုပ်တွင်လက်ဗွေနှိပ် အပ်နှံရကြောင်း၊ စာချုပ်ပါ အတိုင်း ၃ နှစ်မနေနိုင်ပါကလည်း တနှစ်ပြည့်ရန်အထိ နေထိုင်ပေးရန် သဘောတူထားကြောင်း၊ ချက်ချင်းပြန်လိုပါက ၅ ချက်အရိုက်ခံ၍ ပြန်နိုင်သည်ဟု စည်းကမ်းချက်သတ်မှတ်ထားကြောင်း လပွတ္တာမြို့နယ် YGW ပရဟိတမိဘ မဲ့ဂေဟာ အုပ်ချုပ်မှုတာဝန်ခံ ဆရာတော်များက ပြောသည်။
အဝါရောင် မျိုးဆက် လူငယ် ပရဟိတအသင်း YGW ကျောင်းများမှာ ရန်ကုန်၊ မန္တလေး၊ ပုသိမ် စသည့်မြို့ကြီးများ အပါအဝင် မြို့ ၁၇ မြို့တွင် မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးကလေး စောင့်ရှောက်ရေး ကျောင်းများထူထောင်ပြီး ကလေးငယ် ၅၀၀၀ ကျော်ကို စောင့်ရှောက်ကာ ပညာသင်ပေး နေကြောင်း YGW အဖွဲ့မှ သိရသည်။