မီးလောင်ကျွမ်းခဲ့သည့် ရန်ကုန် မင်္ဂလာဈေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ဆုံးထားပြီး စတင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ကရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ပြုလုပ်သော မင်္ဂလာဈေးသစ် ပြန်လည် တည်ဆောက်မည့် အစီအစဉ်များနှင့် ဈေးသစ်ဒီဇိုင်းပုံစံ ချပြခြင်း အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
တိုင်းလွတ်တော် ကိုယ်စားလှယ် ဦးလှဌေးက “လက်ရှိ အနေအထားအတိုင်း ၄ ထပ် ပြန်ပေးမယ်။ မူလအတိုင်း ပြန်ပေးမှာ ဖြစ်တယ်။ အလွှာအတိုင်း အားလုံးပြန်ရမယ်။
နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဆောက်မှာ ဖြစ်တယ်။ ဆောက် လုပ် ဖို့ ကုမ္ပဏီတင်ဒါကို နောက်လထဲမှာ ခေါ်သွားမှာပါ’’ ဟု အစည်းအဝေးတွင် ပြောဆိုသည်။
ဆက်လက်၍ “ဈေးဝယ်စူပါမားကတ်ပဲ ပါမယ်။လူနေအိမ်ခန်း လုံးဝမပါဘူး။ စည်ပင်ဘဏ်ကိုဖျက်ပြီး ကားပါကင် ဆောက် မှာဖြစ်တယ်။ ၂နှစ်ခွဲအတွင်း အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဘတ် ဂျက်နဲ့ပဲ တည်ဆောက်မှာ ဖြစ်ပါတယ်’’ ဟုလည်း ပြောသည်။
အဆိုပါ ဈေးသစ်ကို အထပ် ၁၅ ထပ်အမြင့် တည်ဆောက်သွားမည် ဖြစ်ပြီး ကားအစီးရေ ၆၀၀ ကျော် ထားရှိနိုင်သော ကား ပါကင် ထားရှိမည်ဖြစ်သော်လည်း လူနေအိမ် ထည့်သွင်း တည်ဆောက်သွားမည် မဟုတ်ကြောင်း၊ မီးဘေးအန္တရာယ် ကာကွယ်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့် ပြည်ပ ထိုင်ဝမ် ကုမ္ပဏီတို့၏ အကြံဉာဏ်များနှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း လည်း ဦးလှဌေးက ပြောပြသည်။
အဆိုပါ မင်္ဂလာဈေးသစ်ကို Amenity ဒီဇိုင်းကုမ္ပဏီက ဒီဇိုင်းတင်ဒါ ရရှိထားပြီး ဈေးသူ၊ ဈေးသားများအတွက် အခန်းပေါင်း ၄၀၇၉ ခန်းကို ပြန်လည် နေရာချထားပေးမည် ဖြစ်ကြောင်း ယခင်မင်္ဂလာဈေး နေရာပင်မကဘဲ ယင်းအနီးရှိ စည်ပင်ဘဏ် ကိုပါ ဖျက်ပြီး ဈေးသစ်တွင် ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Amenity ဒီဇိုင်းကုမ္ပဏီ ဒါရိုက်တာ ဒေါ်မိုးသဲဖြူက “အရင်မီးလောင်သွားတဲ့ ဈေးနေရာသာမက စည်ပင်သာယာဘဏ် နေရာကိုပါ ယူပြီးတော့ တတွဲလုံး ဆောက်မှာဖြစ်တယ်။ ဒီဇိုင်းပုံစံမှာဆိုရင် ကားပါကင်က မြေအောက်မှာ နှစ်ထပ်ပါမယ်။ အပေါ်မှာ multi storeys ကားပါကင်ဆိုပြီး ၈ ထပ်ပါမယ်။ အောက်ထပ်က ကားအစီး ၄၀၀ လောက် ဆံ့တယ်။ အပေါ်မှာ ကားအစီး ၃၀၀ ကျော်တယ်။ စုစုပေါင်း ဒီစီမံကိန်းထဲမှာ ကားအစီး ၆၇၆ စီး ဆံ့မယ်။ အခု အသစ်ဆောက်မယ့် စီမံကိန်း ထဲမှာ လိုအပ်မယ့်ဟာတွေနဲ့ တွက်ချက်ပြီး ကားပါကင် နေရာ ထားပေးတာဖြစ်တယ်” ဟု ပြောသည်။
ဆက်လက်ပြီး “အခုဖြစ်တာက ဈေးသူဈေးသားတွေက သူ့နေရာကို သူ့အထပ်အတိုင်း ပြန်လိုချင်တယ်။ ဒါပေမယ့် အဲဒီလို ပြန်လိုချင်ရင် အရင်အတိုင်း ပြန်ဆောက်ဖို့ပဲ ရှိတယ်။ အဲဒီလိုဆိုရင် အခုလုပ်ထားတဲ့အတိုင်း တခုမှ မပါဘူး။ နိုင်ငံတကာ အဆင့်မီတဲ့ အဆင့်မရှိဘူး။ လုံခြုံမှုမရှိဘူး ဖြစ်သွားမယ်။ လုံခြုံမှုက အရေးကြီးတယ်။ အရင်တခါ မီးလောင်တာလိုမျိုးဆိုရင် ထွက်ပြေးဖို့ နေရာမျိုး ရှိရမယ်။ လှေကားတွေပြည့်ပြည့်စုံစုံရှိရမယ်။ အခု ကားတွေ ပိတ်ကျပ်နေတယ်။ ဒါကြောင့် YCDC က အဆင့်အတန်းမီတဲ့ အဆောက်အအုံဖြစ်အောင် ဘဏ်နေရာကို ပေးလိုက်တာဖြစ်ပါတယ်’’ဟုလည်း ၎င်းက ရှင်းပြ သည်။
လက်ရှိ ဒီဇိုင်းပုံစံတွင် အခန်းအကျယ်မှာ ၂၅ စတုရန်းပေမှ၃၂ စတုရန်းပေကြား ရှိသည်။ ဈေး၏ ဒီဇိုင်းပုံစံကို လက်ခံ သော်လည်း မြေညီထပ်တွင် ဘဏ်နေရာအဖြစ် ယူထားခြင်းကို လက်မခံနိုင်ကြောင်း ဈေးသူ ဈေးသားများက ပြောသည်။
မင်္ဂလာဈေး တတိယထပ်မှ ဆိုင်ပိုင်ရှင် တဦး ဖြစ်သူ ဦးသိန်းက “ဆိုင်ခန်းက အရင်အတိုင်းထက် နည်းနည်းပိုတယ်။ အထပ် ကတော့ ၁၄ ထပ်၊ ၁၅ ထပ်ဖြစ်တယ်။ အဲကွန်းမပါဘဲ ပြင်ပလေရအောင် လုပ်ထားတယ်။ အရင်အတိုင်းပဲ ပြန်ပေး မယ် ပြောတယ်။ မီးဘေးလုံခြုံရေး စနစ်လည်း ပါတယ်’’ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေးသည် ၂၀၁၀ ပြည့်နှစ် မေလတွင် ဆုံးရှုံးမှု ကြီးမားသော မီးလောင်ကျွမ်းမှုတကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းမှ အသစ်ပြန်လည် တည်ဆောက်ထားသော မင်္ဂလာဈေးသစ်ကြီးသည်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ နံနက်တွင် ဒုတိယအကြိမ် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းမီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၃၃၈၀ မှ ပျက်စီးဆုံးရူံးမှု တန်ဖိုး ကျပ်သိန်းပေါင်း လေးသောင်းကျော် ဆုံးရူံးခဲ့ ကြောင်း မင်္ဂလာဈေးရှိ ဈေးသူ ဈေးသားများထံမှ သိရသည်။