ပညာရေးဌာနတွင်းမှ အကျင့်ပျက်ဝန်ထမ်းများအကြောင်းကို ရေးသားပြီးနောက် ရခိုင်ပြည်နယ် ပညာရေးမှုးက အပတ်စဉ်ထုတ် သဇင်ပန်းခိုင်ဂျာနယ်၏ အယ်ဒီတာကို အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) သို့မဟုတ် အသေရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်းသိရသည်။
ပညာရေးမှုး ဦးအောင်ကျော်ထွန်းက သဇင်ပန်းခိုင် စာစောင်အယ်ဒီတာ ကောင်းမြတ်နိုင်ကို “ရခိုင်ပြည်နယ်က တိုင်းရင်းသား ဘာသာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့လစာကိစ္စ ဘာတွေလွှဲမှားနေသလဲ ” အမည်ရှိ ဆောင်းပါးအတွက် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောသည်။ ထိုဆောင်းပါးကို သဇင်ပန်းခိုင် စာစောင်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်လည်း တင်ခဲ့သည်။
“ကျနော့်ကို တိုင်းရင်းသားဘာသာစကားသင်တဲ့ ဆရာမတွေဆီက တလစာဖြတ်စားတယ်လို့ မဟုတ်မမှန်ရေးတယ်။ ကျနော်ဒါမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဒါသတင်းမှားတွေကိုဖြန့်တာ ကျနော့်ကို စော်ကားတာ” ဟုသူပြောသည်။
နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဟန့်တားရန်နှင့် လူတဦးစီက အသရေဖျက်သည်ဟူသော စွပ်စွဲမှုများကို လက်တုန့်ပြန်ရန် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်က ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ပြဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ပိုမိုအသုံးချလာကြသည်။ ပုဒ်မ ၅၀၅ (ခ) မှာ ကျယ်ပြန့်လွန်းပြီး ယခင်က နိုင်ငံရေးသဘောထား ကွဲလွဲမှုများမှ တဆင့် လူထုအုံကြွစေသည်အထိ ဟောပြောသူများကို ဖိနှိပ်ရန် သုံးကြသည်။
အမှုကို ဦးအောင်ကျော်ထွန်းကိုယ်တိုင် တရားလိုအဖြစ် ဆွဲဆိုမည် သို့မဟုတ် ပညာရေးဌာနက တရားလိုပြုဆွဲဆိုမည်လား မသဲကွဲပေ။
လစာဖြတ်ခံရသည်ကို မကျေမနပ်သော ရခိုင်ပြည်နယ်မှ ကျောင်းဆရာများသည် မေလ ၁ ရက်နေ့က သမ္မတရုံးနှင့် ပညာရေးဝန်ကြိးဌာနတို့သို့ တိုင်ခဲ့ကြသည်။ တိုင်းရင်းဘာသာစကားသင်သောဆရာများက ဆုကြေးများဖြတ်ခံရသည့်အတွက် ပြည်နယ်ပညာရေးဌာနမှ အရာရှိများအား စုံစမ်းစစ်ဆေးရန် တောင်းဆိုကြောင်း သဇင်ပန်းခိုင်ဂျာနယ်က ရေးသားဖော်ပြထားသည်။
အခြားပြည်နယ်တိုင်းများမှ တိုင်းရင်းဘာသာစကားသင်သော ဆရာများသည် ဆုကြေး တလလျှင် ၃၀၀၀၀ ကျပ် နှုန်းဖြင့် ၁၀ လစာ ရရှိကြသော်လည်း ရခိုင်ပြည်နယ်မှ ဆရာ ၄၈၈၅ ဦးတို့မှာ ၉ လစာသာရရှိကြောင်းကို သမ္မတရုံးနှင့် ပညာရေး ဝန်ကြိးဌာနသို့ တိုင်တန်းထားသည့်စာတွင်ပါရှိကြောင်း ကိုးကားကာ စာစောင်တွင် ဖော်ပြထားသည်။
မြေပုံမြို့နယ်မှဆရာများကမူ ဆုကြေး ၈ လစာသာရရှိပြီး မြို့နယ်ပညာရေးဌာန ဒုညွုန်မှူးနှင့်အရာရှိများသည် ကျောင်းဆရာတဦးချင်းစီထံမှ ၃၀၀၀၀ ဖြတ်ယူထားကြောင်း စွပ်စွဲကြသည်။
ပညာရေးမှုးရုံးမှ အရာရှိများ အတိုင်တောခံရပြီးနောက်ပိုင်းတွင် ဆရာမများမှာ ကျန်ရှိသည့် တလစာကို ရရှိကြောင်းသိရသည်။
ပြည်ထောင်စုအစိုးရသည် ရခိုင်ပြည်နယ်အတွက် ဆုကြေး ၉ လ စာသာ ချထားပေးခဲ့ကြောင်း၊ ထိုငွေကို မြို့နယ် ပညာရေးဌာနများကို ထုတ်ပေးလိုက်ကြောင်း ဦးအောင်ကျော်ထွန်းက တနင်္လာနေ့က ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့်ပြောသည်။
အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ရခိုင်ပြည်နယ်ကဲ့သို့ ဆုကြေး ၉ လစာပေး၊ မပေး မှတ်ချက်ပေးပြောဆိုခြင်းမရှိပေ။
သဇင်ပန်းခိုင် အယ်ဒီတာက ၎င်းသည် သတင်းကို ဘက်မျှမျှ ရေးသားတင်ဆက်ထားကြောင်း၊ တစိုးတစဉ်းမှ လုပ်ကြံ ရေးသားထားခြင်းမရှိပါကြောင်း၊ တရားစွဲလျှင်လည်း အမှုကိုရင်ဆိုင်ဖြစ်ကြောင်းပြောသည်။
“ပြည်နယ်ပညာရေးမှုးအနေနဲ့ မလိုလားအပ်တဲ့ ပြသနာတွေ မကြီးထွားအောင် တရားစွဲမယ့်ဟာကို ပြန်စဉ်းစားစေချင် ပါတယ်” ဟု ကိုကောင်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
ပြည်နယ်ပညာရေးမှူးသည် အမှုကို တရားရုံးသို့ ပို့ဆောင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည့်တိုင် အမှုသည် အစိုးရနှင့် ပတ်သက်သောကြောင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့်တောင်းခံရမည်ဖြစ်ပြီး ပြည်နယ်ရှေ့နေချုပ်နှင့်လည်း တိုင်ပင် ရမည်ဖြစ်ကြောင်း မြန်မာစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။
“အစိုးရခွင့်ပြချက်မပါဘဲ တရားစွဲမယ်ဆိုရင် ဒါ လုပ်ထုံးလုပ်နည်း မညီပါဘူး။ အစိုးရတရပ်က သတင်းသမားတဦးကို တရားစွဲဆိုရင် သူ့ရဲ့ (အစိုးရ) ပုံရိပ်ကိုပဲ ထိခိုက်မှာပါ” ဟု ပြောသည်။
ယင်းအငြင်းပွားမှုကို မြန်မာစာနယ်ဇင်းကောင်စီက ကြားဝင်ဖျန်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။