ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် နေထိုင်သည့် အမြင်အာရုံအားနည်းသည့် သားအမိ ၂ ဦးကို လူတစုက ဝိုင်းဝန်းရိုက်နှက်ခံရမှုမှာ ၁ နှစ်ကျော်ကြာသည့်တိုင် တရားရုံးသို့ မရောက်ရှိသေးကြောင်း ရိုက်နှက်ခံရသူ ကိုခင်မောင်သန်းက ပြောသည်။
“တိုင်တဲ့အချိန်က တနှစ်ကျော်လာတယ်။ ဒီ တနှစ်အတွင်းမှာ ဆောင်ရွက်မှုအားနည်းနေတယ်။ ၁၄ ရက် ၃ လ ၂၀၁၆ မှာ ရဲစခန်းက အမှုလက်ခံခဲ့တာ” ဟု ၎င်းက ဆိုသည်။
အထက်ပါအကြောင်းအရာကို မေလ ၁၉ ရက်နေ့တွင် ၃၄ လမ်းရှိ မြန်မာဂျာနယ်လစ်ရုံးခန်း ၌ ရိုက်နှက်ခံရသည့် သားအမိနှစ်ဦးမှ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောခဲ့ခြင်းဖြစ်သည်။
လှိုင်မြို့နယ် ၁၀ ရပ်ကွက် ကန်လမ်းတွင် ရွှေနဒီ မိုဘိုင်းလ်ဖုန်းပြင်ဆိုင် ဖွင့်လှစ်ထားသည့် ဦးခင်မောင်သန်းနှင့် သူ၏ မိခင်ကို ကိုဟန်ထွန်းနှင့် အပေါင်းအပါတစုတို့က ၂၀၁၆ မတ်လ ၁၀ ရက်နေ့တွင် ရိုက်နှက်ခဲ့ ခြင်း ဖြစ်ကြောင်း ကိုခင်မောင်သန်းက ရှင်းပြသည်။
ကိုဟန်ထွန်းဆိုသူက ကားပါကင်ထိုးရန်အတွက် ရွှေနဒီဖုန်းပြင်ဆိုင် ဆိုင်းဘုတ်ကို ဖယ်ရှားပြီး လမ်းမပေါ် လွှင့်ပြစ်ရာမှ စကားများ ပြဿနာ ဖြစ်ပွားကာ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်းနှင့် ရဲစခန်းသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း ၂၀၁၆ စက်တင်ဘာ ၂၇ ရက်မှသာ စခန်းမှုးနှင့် တွေ့ဆုံခွင့်ရပြီး သက်သေ ထပ်မံတင်ပြရန် လိုအပ်နေသေးကြောင်းသာ ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ လူ့အခွင့်အရေး ကော်မရှင်တို့ကိုလည်း တိုင်ကြားထားကြောင်း သိရသည်။
လှိုင်မြို့နယ် ရဲစခန်းမှူးကမူ တရားလိုဘက်မှ သက်သေ အစစ်မခံသဖြင့် အမှု ကြန့်ကြာနေခြင်း ဖြစ်ပြီး ဥပဒေ အကြံပြုချက် တောင်းထား ကြောင်းပြောသည်။
“အမှုအခြေအနေက ဥပဒေအကြံတောင်း တင်ထားတယ်။ သူ့ဘက်က ပြောတဲ့ သက်သေက စစ်တဲ့အချိန်မှာ သွားခေါ်တယ် မရှိဘူး တံခါးပိတ်ထားတယ်။ သူ့ဘက်က သက်သေပြတဲ့သူက ခရီးထွက်နေတာ များတယ်လေ။ သက်သေက အစစ်မခံတဲ့အတွက် အစစ်မခံတဲ့အကြောင်း ဥပဒေ အကြံတောင်း တင်လိုက်ပြီ” ဟု လှိုင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးကျော်ဇောက ပြောသည်။
“လှိုင်မြို့နယ် ဥပဒေအရာရှိဆီကို တင်လိုက်တာပေါ့ မြို့နယ် အကြံပြုချက် တောင်းလိုက်တာပေါ့။ သူတို့က အပြန်အလှန်အမှုပေါ့။ သူကဆေးစာပြန်ကြားချက်ရတယ်။ ဆေးစာပေါ်မူတည်ပြီးတော့ အကြံတောင်းချက်တင်ရတာပေါ့ ဒီပုဒ်မနဲ့ ငြိစွန်းမှုရှိ မရှိလေ။ အဲဒီက အကြံပြုချက်ကတော့ ပြန်မရသေးဘူး” ဟုလည်း ဦးကျော်ဇောက ဆိုသည်။
နှစ်ဖက်မှာ အပြန်အလှန် အမှုဖွင့်ထားပြီး ဆေးစာပေါ်မူတည်ပြီး ဥပဒေအရာရှိ၏ အကြံပြုချက် တောင်းထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရိုက်နှက်မှု ပုဒ်မ ၃၂၅၊ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၉၈ တို့ဖြင့် ရဲစခန်းက ပုဒ်မ ၄ ခုတပ် အမှုလက်ခံပေးထားပြီး တဖက်ကလည်း ရဲစခန်းတွင် ပြန်လည်အမှုဖွင့်ထားသည်ဟု ဆိုသော်လည်း မည်သည့်ပုဒ်မများဖြင့် ဆိုသည်ကို မသိရှိရပေ။
မည်သို့ပင်ဖြစ်စေ ၂၀၁၆ ခုနှစ်ကအမှု ၂၀၁၇ ခုနှစ်အထိ တနှစ်ကျော်ကြာသည်အထိ တရားရုံးသို့ မတင်ပေးခြင်းနှင့် ပတ်သက်ပြီး လှိုင်သာယာ မသန်စွမ်းသူများအသင်း ရုံးတာဝန်ခံ ဒေါ်ငယ်ငယ်ဝင်းက ဝေဖန်သည်။
“မသန်စွမ်းသူဖြစ်စေ၊ သန်စွမ်းသူဖြစ်စေ ဆင်းရဲချမ်းသာ မရွေး ဥပဒေနဲ့ငြိစွန်းလာတယ်ဆိုရင် တရားလိုပဲဖြစ်ဖြစ် တရားခံပဲဖြစ်ဖြစ် ရဲဝန်ထမ်းသည် အမှုတည်ဆောက်ပြီးတော့ အမြန်ဆုံး တရားရုံးကို တင်ပေးရမယ်။ ဒါက ၂၀၁၆ က အမှုဖြစ်တယ်။ နှစ်ဟောင်းက အမှုတွေသည် ဘာဖြစ်လို့ နှစ်သစ်ကို ကူးလာတာလဲ သူတို့ မလုပ်ချင်တာလား၊ မလုပ်တာလား၊ ပေါ့လျော့တာလား”ဟု ၎င်းက ပြောသည်။
ရိုက်နှက်ခံရသည့် ကိုခင်မောင်သန်းတို့သားအမိမှာ မျိုးရိုးလိုက်သည့် အမြင်အာရုံအားနည်းသည့် ရောဂါရှိပြီး ၃ ပေ ထက်ကျော်လျှင် ကောင်းမွန်စွာ မမြင်ရတော့သည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။