မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြရာကုန်းရပ်ကွက်တွင် ဖြစ်ပွားမှုတွင် ပါဝင်သဖြင့် ပုဒ်မ ၅၀၅ (ဂ) အရ ဖမ်းဝရမ်း ထုတ်ခံထားရသော မျိုးချစ်သွေး ဓမ္မကွန်ရက်မှ ကိုမြတ်ဘုန်းမိုရ်မှာ ယနေ့မနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ရဲစခန်းကသိရသည်။
မင်္ဂလာတောင်ညွှန့်ရဲစခန်းတာဝန်ရှိသူတဦးက “ဒီနေ့မှာ တယောက်က သူကိုယ်တိုင်လာပြီးတော့ စခန်းမှာ အဖမ်းခံခဲ့ပါတယ်၊ ရုံးချိန်းတွေကတော့ တရားရုံးကပဲ သိမှာပါ” ဟု ပြောသည်။
ယင်းအမှုတွင် ဝရမ်းထုတ်ဖမ်းဆီးရမိထားသည့် ကိုလတ်(ခ) တင်းထွဋ်ဇော်နှင့် ၎င်း၏ဇနီး ဖြစ်သူ မအောင်(ခ) မအောင်အောင်မြင်၊ တင်လင်းထိုက်(ခ)လင်းလင်း နှင့် အကြီးကောင်(ခ) တင်ဌေးအောင်တို့နှင့် အတူ လာရောက် ဖမ်းဆီးခံခဲ့သည့် အသက် ၂၀ ကျော် အရွယ် ကိုမြတ်ဘုန်းမိုရ်ကို ယနေ့မနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် မျိုးချစ်ရဟန်းတော်များ သမဂ္ဂ မှ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ လက်ရှိ ဖမ်းဆီးထားပြီးဖြစ်သည့် လူ ၅ ဦးကို ဇွန် ၂ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေသည်ဟုဆိုကာ မေလ ၉ ရက်နေ့ ညပိုင်းတွင် အမျိုး သားရေး လှုပ်ရှားသူ အမည်ခံ ရဟန်းအချို့နှင့် လူပုဂ္ဂိုလ်များမှ မြရာကုန်းရပ်ကွက်အတွင်း နေအိမ်တအိမ်သို့ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဝင်ရောက်ရှာဖွေရာမှ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းဖြစ်စဉ်အပေါ် ဦးဆောင်ပါဝင်သူ ဦးသုစိတ္တ၊ ဦးပညာဝံသနှင့် လူပုဂ္ဂိုလ် ၅ ဦးတို့ကို မင်္ဂလာတောင်ညွန့်တရားရုံးက မေလ ၁၁ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။