ငွေဆောင်ကမ်းခြေတွင် ပုပ်ပွနေသည့်အမျိုးသားအလောင်းတလောင်း သောင်တင်လာသည်ကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ရုပ်အလောင်းကို မေလ ၂၁ ရက် ညနေပိုင်းက တွေ့ရှိခြင်းဖြစ်ကြောင်း၊ သေဆုံးသူ အမျိုးသားအလောင်းတွင် ရန်ကုန် – ပုသိမ် ပြေးဆွဲနေသည့် ရွှေမင်္ဂလာယာဉ်လိုင်း တံဆိပ်ပါအကျၤီကို ဝတ်ဆင်ထားပြီး၊ ပင်လယ်ထဲတွင် ရက်ကြာရှည် မျောပါပြီးနောက် ကမ်းခြေတွင် သောင်တင်လာခြင်း ဖြစ်နိုင်ကြောင်း ငွေဆောင်မြို့မရဲစခန်းက ပြောသည်။
ငွေဆောင်မြို့မစခန်းမှူး ရဲအုပ်ဇော်မျိုးလှိုင်က “အလောင်းက အနည်းဆုံး ၁၅ ရက်ကနေ ၂၅ ရက် အထိ ပင်လယ်ထဲ မျောနေခဲ့ပြီးမှ ငွေဆောင်မှာ လာသောင်တင်တာပါ။ ရွှေမင်္ဂလာကားဂိတ်တံဆိပ်ပါ အင်္ကျီဝတ်ထားတယ်။ အဲဒီတော့ ရွှေမင်္ဂလာကားဂိတ်ကိုလည်း အကြောင်းကြားပြီး သူတို့ဝန်ထမ်းတွေမှာ လူလျော့နေတာတွေ ရှိလား မေးမြန်းစုံစမ်း ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုရုပ်အလောင်းကို ငွေဆောင်ကမ်းခြေ ချိုင်လယ်ကျေးရွာအနီးရှိ ရေသိုးကျွန်းသောင်ပြင်တွင် မေလ ၂၁ ရက် ည ၈ နာရီခန့်က ချိုင်လယ်ကျေးရွာ ရာအိမ်မှူးဦးကိုကိုနိုင်က တွေ့ရှိခဲ့ပြီးနောက် ငွေဆောင်နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါလူသေမှုကို ငွေဆောင်နယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရဲအုပ် ဇော်မျိုးလှိုင်က “ ရွှေမင်္ဂလာကားဂိတ်က သူတို့အကျီတွေကို ဝေငှပေးနေတော့ သူတို့လည်းမသိဘူး ပြောတယ်။ လူပျောက်တိုင်ထားတာတွေ စုံစမ်းပြီးတော့ သေဆုံးသူကို အတည်ပြုဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ” ဟု
ဆိုသည်။
ပြီးခဲ့သည့် ၁၈ ရက်ကလည်း ငွေဆောင်ကမ်းခြေတွင် တက်တူးများပါရှိသည့် အမျိုးသားအလောင်းတလောင်း သောင်တင်နေသည်ကို တွေ့ရှိခဲ့သဖြင့် ငွေဆောင်နယ်မြေ ရဲစခန်းက သေမှုသေခင်းဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသေဆုံးသူ အမျိုးသားမှာ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာမှ အသက် ၃၄ နှစ် အရွယ်ရှိ ရေလုပ်သားတဦးဖြစ်ပြီး ယခုလ ၈ ရက်က ရွာတွင်ငါးဖမ်းရင်း ပင်လယ်ထဲပြုတ်ကျသေဆုံးခဲ့ကာ ငွေဆောင်ကမ်းခြေ၌ လာရောက်သောင်တင်ခဲ့ခြင်း ဖြစ်ကြောင်း ငွေဆောင်မြို့မ ရဲစခန်းက ပြောသည်။