မွန်ပြည်နယ်အစိုးရအဖွဲ့က မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲဖြေဆိုရန် နှင့် သင်တန်းဆင်း အခမ်းအနား ပြုလုပ်ရန် ကျပ်သိန်း ၄၀၀ ပေးအပ်ခဲ့သည့်အပြင် မွန်စာသင်ကြားနိုင်ရန်လည်း ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် အစိုးရ အဖွဲ့က မွန်ဒေသလုံး ဆိုင်ရာ နွေရာသီ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ ဖြေဆိုရန်နှင့် သင်တန်းဆင်း အခမ်းအနားပြုလုပ်ရန် အလှူငွေ ကျပ်သိန်း ၄၀၀ ကို ပထမဆုံး အကြိမ် ပေးအပ်ခဲ့သည့်အပြင် အစိုးရ ကျောင်းများတွင် မွန်စာ သင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း စာအုပ်ထုတ်လုပ်ရေး ကုန်ကျစရိတ်များကိုလည်း ထောက်ပံ့ရန် ကတိပြုထားကြောင်း မွန်ဒေသလုံးဆိုင်ရာ နွေရာသီ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင် မိစန္ဒာနန်က ဧရာဝတီကို ပြောကြားသည်။
မိစန္ဒာနန်က “ဝန်ကြီးချုပ်က ကတိပေးထားတယ်၊ ပိုက်ဆံကတော့ မေ ၂၂ ရက်နေ့ကျရင် ထုတ်ပေးမယ်။ ဒါ့အပြင်ကို မွန်စာ သင်ရိုးညွှန်းတမ်း စာအုပ်ကိုလည်း ဒီမွန်ဒေသလုံးဆိုင်ရာ မွန်စာပေနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု ကော်မတီကပဲ ကမကထလုပ်ပြီး ပြုစုထားတော့ ဒီအတွက် ကုန်ကျစရိတ် အားလုံးကိုလည်း ထောက်ပံ့ပေးဦးမယ်၊ ဒီအတွက်တော့ သိန်း ၂၀၀ လောက်တော့ ကုန်နိုင်မယ်လို့ ကျမတို့ ခန့်မှန်းထားတယ်” ဟု ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ နွေရာသီ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ကော်မတီ၏ နာယက ဆရာတော် အရှင် ဘဒ္ဒ န္တ ကေတုမာလာ ဦးဆောင်သည့် ကိုယ်စားလှယ် ၈ ဦး ဖြင့် မေလ ၁၉ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ သွားရောက် တွေ့ဆုံခဲ့ပြီး ယင်းအခမ်းအနားပြုလုပ်ရန်အတွက် ပြည်နယ်အစိုးရထံသို့ ကျပ်သိန်း ၇၀၀ တောင်းခံခဲ့ရာတွင် ပြည်နယ် အစိုးရအဖွဲ့က အထက်ပါအတိုင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄၊ တိုင်းရင်းသားများသည် မိမိတို့ မြတ်နိုး တန်ဖိုးထားသည့် စာပေ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပျိုးထောင်ခွင့် ရှိတယ်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်၊ ပြီးတော့ အခြေခံ ဥပဒေ ပုဒ်မ ၂၂ မှာ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီ ဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်၊ ဒါကြောင့် ဒီကော်မတီတွေက အကူအညီ တောင်းတော့ အစိုးရက ကူညီပေးတာ ဖြစ်တယ်” ဟု ဆို သည်။
အစိုးရက အကူအညီ ပေးရမည်မှာ တာဝန်ရှိသော်လည်း ဆက်လက် ကြိုးပမ်းရန်နှင့် မည်သည့် စနစ်၊ မည်သည့် အစိုးရ လက်အောက်တွင်မဆို မိမိတို့စာပေ တိုးတက်ကြီးပွားအောင် လုပ်ဆောင်ရန်မှာ မိမိတို့၌ပင် တာဝန်ရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
မေလ ၂၁ ရက်နေ့က မွန်၊ ကရင် ၊ တနင်္သာရီ ၊ ပဲခူး စသည့် တိုင်းနှင့်ပြည်နယ်တို့မှ မြို့နယ်အဆင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများကို တတန်းလျှင် ၁၅ ဦးနှင့် ၆ တန်းအတွက် စုစုပေါင်း တမြို့နယ်လျှင် ၉၀ ဦး ရွေးချယ်ကာ မြို့နယ် ၁၅ခုမှ ကျောင်းသူ၊ကျောင်းသား ၁၀၉၅ ဦးတို့ကို မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ စေတီတော် ဓမ္မာရုံ၌ ဒေသလုံးဆိုင်ရာအဆင့် နွေရာသီ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုစေခဲ့သည်။
ဤမွန်ဒေသလုံးဆိုင်ရာ အဆင့်တွင် ဖြေဆိုရန် အတန်း ၆ တန်း သတ်မှတ်ထားပြီး ဟံသာဝတီ၊ မုတ္တမ ၊ သုဝဏ္ဏဘူမိ ၊ မွန် စာပေ ယဉ်ကျေးမှု ၊ မွန်ဓလေ့ထုံးတမ်း အစဉ်အလာ စသည့် သမိုင်းများအကြောင်းနှင့် အဘိဓမ္မာတန်း ဟူ၍ ၆ ခု သတ် မှတ်ထားကြောင်း စာမေးပွဲကျင်းပသည့် ဦးဆောင် ကော်မတီ အဖွဲ့ဝင် သံဖြူဇရပ်မြို့ ဟံသာထော ကျောင်းတိုက် ဆရာတော် အရှင် ဘဒ္ဒ န္တ သီလဝန္တက ဧရာဝတီသို့ မိန့်ကြားခဲ့သည်။
နွေရာသီ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများကို မွန်လူမျိုးများ နေထိုင်သည့် မွန်၊ ကရင် ၊ တနင်္သာရီ ၊ ပဲခူး စသည့် ဒေသတို့၌ အခြေခံပညာကျောင်းများ ပိတ်သည့်အချိန်မှစ၍ ဆရာတော်ကြီးများက ဦးဆောင်သင်ကြားပေးကာ ကျေးရွာ၊ တိုက်နယ်၊ မြို့နယ် စသည်ဖြင့် စာမေးပွဲများ အဆင့်ဆင့် ဖြေဆိုပြီးနောက် ထူးချွန်သူများအား ရွေးချယ်ကာ မွန်ဒေသလုံး ဆိုင်ရာအဆင့် စာမေးပွဲ ဖြေဆိုခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ် ကတည်းကပင် မွန်၊ ကရင်၊ ပအိုဝ်း စသည့် တိုင်းရင်းသားဘာသာ စာပေများကို အခြေခံပညာ မူလတန်းကျောင်းများ၌ ကျောင်းချိန်ပြင်ပ အချိန်များ၌သာ သင်ကြားခွင့် ရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်တွင် သင်ကြားပေးသည့် ဆရာ၊ ဆရာမ ၁၀၄၁ ဦး ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။
၂၀၁၆ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး၌ တိုင်းရင်း သား လူမျိုးများ အရေးဆိုင်ရာ ကော်မတီမှ တိုင်းရင်းသားစာပေ သင်ကြားရေးတွင် ပိုမို ထိရောက်လွယ်ကူစေရန် အချက် ၁၁ ချက်ပါ အဆိုတစ်ရပ်ကို တင်သွင်းခဲ့ရာ လွှတ်တော်က အတည်ပြုခဲ့သည်။
ထိုအဆို၌ ကျောင်းချိန်အတွင်း တိုင်းရင်းသား စာပေ သင်ကြားခွင့် ရရှိရန်၊ တိုင်းရင်းသား ဘာသာသင် ဆရာ၊ ဆရာမများ ထောက်ပံ့ကြေးကို လစဉ် လကုန်ရက်များတွင် ထောက်ပံ့ပေးရန်၊ ထောက်ပံ့ကြေး ၃သောင်းကျပ်ထက် ပိုပြီး ထောက်ပံ့ ပေးရန်၊ တိုင်းရင်းသားဆရာ၊ ဆရာမများ ၎င်းတို့နှင့် သက်ဆိုင်သည့် လူမျိုးဝတ်စုံ ဝတ်ဆင်ခွင့် ရရှိစေရန် သက်ဆိုင်ရာ ကျောင်းများသို့ ညွှန်ကြားပေးရန်၊ ဆရာ၊ဆရာမအချိုးနှင့် ကျောင်းသားအချိုး ကိုက်ညီမှုရှိစေရန်နှင့် လုံလောက်မှု မရှိပါက ဒေသခံ တိုင်းရင်းသား ဆရာ၊ ဆရာမများ ပြန်လည် ခန့်အပ်ပေးရန် စသည့် အချက် ၁၁ ချက် ပါဝင်သည်။
ယင်းအဆိုကို မွန်ပြည်နယ် လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့ အကောင်အထည် ဖော်နိုင်ရေး၌ အခက်အခဲများ ရှိနေသေးကြောင်း တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ မှ ဦးထွန်းမင်းအောင်က ဆိုသည်။
လက်ရှိတွင် တိုင်းရင်းသား စာပေ သင်ကြားချိန်ကို ညနေ ၄ နာရီ နောက်ပိုင်း တနာရီသာ ကျောင်းချိန် ပြင်ပ အချိန် များတွင် သင်ကြားခွင့် ရနေပြီး ကျောင်းချိန်တွင်း သင်ကြားခွင့် ရရှိရန် မွန်ပြည်သူများက လိုလားနေကြသည်။