ဂျပန်နှင့် ထိုဒေသရှိ အဓိက အမေရိကန် စစ်စခန်းများ အထိ ပစ်ခတ်နိုင်သော တာလတ်ပစ်ဒုံးကျည်များကို စတင်၍ အလုံးအရင်းနှင့် ထုတ်လုပ်ပြီး ဖြန့်ချထားရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာသည်။ ထိုဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ပြီးနောက် တိုက်ပွဲဝင်ရန် အသင့်အနေအထားရှိကြောင်း အတည်ပြုပြီး ထိုဒုံးကျည်သည် ထရမ့်၏ မူဝါဒများကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
တနင်္ဂနွေနေ့က စမ်းသပ်စဉ် လောင်စာခဲသုံး Pukguksong-2 ဒုံးကျည်သည် ပိစိဖိတ်သမုဒ္ဒရာထဲ ပြန်မကျမီ ကီလိုမီတာ ၅၀၀ (၃၁၀ မိုင်) အကွာအဝေးနှင့် အမြင့် ၅၆၀ ကီလိုမီတာ (၃၅၀မိုင်) အထိရောက်ခဲ့သည်။ နောင်တွင် ဒုံးကျည်များကို ပိုမို ပစ်လွတ်မည် ဟုလည်း မြောက်ကိုရီးယား မီဒီယာက ကြေညာသည်။
ဆော်ဒီအာရေးဗီးယားသို့ သွားရောက်နေသော ထရမ့်ထံမှ လူသိရှင်ကြားတုံ့ပြန်ခြင်း မရှိသေးပေ။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ထို ဒုံးကျည်ပစ်လွတ်ခြင်းကို အမိန့်ပေးပြီး လေ့လာစောင့်ကြည့်ရေး စခန်းတခုမှ စောင့်ကြည့်နေသည်ဟု နိုင်ငံပိုင် မီဒီယာက တနင်္လာနေ့တွင် ကြေညာသည်။ စမ်းသပ်ပစ်လွတ်မှုက ထို လက်နက်စနစ်၏ နည်းပညာဆိုင်ရာ လက္ခဏာများ မှန်ကန်ကြောင်း ပြသခဲ့ပြီး ၎င်းကို တပ်ဖွဲ့များတွင် ဖြန့်ချ မထားမီ စစ်မြေပြင် အခြေအနေ အမျိုးမျိုးတွင် အသုံးဝင်မှုကို စစ်ဆေးခဲ့သည်ဟု ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ကြေညာသည်။
ထို စမ်းသပ်ပစ်ခတ်မှုသည် အောင်မြင်သည် ဟု ကင်က ပြောကြောင်းနှင့် ထိုဒုံးကျည်များကို ဖြန့်ချရန် အတည်ပြုကာ အများအပြား အလျင်အမြန် ထုတ်လုပ်သင့်သည်ဟု ပြောသည်ဟု သတင်းများက ဖော်ပြသည်။
မြောက်ကိုရီးယားသည် လွန်ခဲ့သော တနှစ်ခန့် အတွင်း ဒုံးကျည် စမ်းသပ်မှုများကို အရှိန်မြှင့် လုပ်ဆောင်ကာ ဒေသတွင်း တောင်ကိုရီးယားနှင့် ဂျပန်ကို သာမက အင်အား ၈၀၀၀၀ ရှိ အမေရိကန် စစ်တပ်ကိုပါ ခြိမ်းခြောက်ခြင်း ဖြစ်သည့် အပြင် အမေရိကန်နိုင်ငံ အထိ ရောက်အောင် ခြိမ်းခြောက်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်လက်နက်တိုက်တခု တည်ဆောက်ရေး တွင် သိသာသော တိုးတက်မှုရရှိအောင် လုပ်ဆောင်နေပုံရသည်။
၎င်းသည် နျူကလီးယား လက်နက်အစီအစဉ်ကိုလည်း ဆက်လက် လုပ်ဆောင်နေသည်။
မြောက်ကိုရီးယားသည် လွန်ခဲ့သောနှစ်က နျူကလီးယားစမ်းသပ်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။ တခုမှာ ဟိုက်ဒြိုဂျင်ဗုံးဖြစ်ပြီး နောက်ထပ် စမ်းသပ်မှုတွင် သုံးသော ကိရိယာသည် မြောက်ကိုရီးယားက ပြုလုပ်ခဲ့သော စမ်းသပ်မှု အားလုံးထက် ပိုမို အင်အား ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်စေသည် ဟု ဆိုသည်။ ဂြိုလ်တု ဓာတ်ပုံများအရ ၆ ကြိမ်မြောက် အဖြစ် နောက် တကြိမ် နျူကလီးယားစမ်သပ်မှုကို အချိန်မရွေး ပြုလုပ်ရန်လည်း အသင့်ဖြစ်နေသည့်ပုံ ရှိနေသည်။
မြောက်ကိုရီးယား၏ ထုတ်ပြန်ကြေညာ ထားသော ရည်မှန်းချက်မှာ ဝါရှင်တန် သို့မဟုတ် အခြားသော အမေရိကန်မြို့ကြီး များ အထိ ပစ်ခတ်နိုင်သော ဒုံးကျည်တွင် တပ်ဆင်မည့် နျူကလီးယားထိပ်ဖူးများ ထုတ်လုပ်ရေး ဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ ရန်လိုသော မူဝါဒကြောင့် ဒုံးကျည်များ ပိုမိုပစ်လွှတ်ရန် မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက တချိန်တည်းတွင် တောင်းဆိုမှုကို အရှိန်မြှင့်လာသည်။
“Fox News Sunday” အစီအစဉ်မှ တွေ့ဆုံ မေးမြန်းခန်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန် Rex Tillerson က မြောက်ကိုရီးယား နိုင်ငံ၏ ဆက်လက် စမ်းသပ်မှုများသည် စိတ်ပျက်စရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာဟု ပြောသည်။
ထိုစမ်းသပ်မှု အပြီးတွင် တောင်ကိုရီးယားက အမျိုးသားလုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူပြီး ထိုစမ်းသပ် ပစ်လွှတ်မှုသည် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ လျှော့ချရန် အားထုတ်မှုများကို ပြစ်တင်ဝေဖန်လိုက်ခြင်း ဖြစ်သည် ဟု ပြောသည်။
အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများမှ သံတမန်များ၏ တောင်းဆိုမှုများ အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးတိုင်ပင်မှုများကို အင်္ဂါနေ့တွင် ပြုလုပ်မည် ဖြစ်သည်။
မြောက်ကိုရီးယားသည် လွန်ခဲ့သော တပတ်ကလည်း နျူကလီးယားထိပ်ဖူး အကြီးစားကို သယ်ဆောင်နိုင်သည် ဟု ဆိုသော တာလတ်ပစ် ဒုံးကျည်သစ် Hwasong 12 ကို ပစ်လွှတ်ခဲ့သည်။
ထိုဒုံးကျည်သည် ယခင်စမ်းသပ်ခဲ့သော မြောက်ကိုရီးယား ဒုံးကျည်များထက် ပိုမို မြင့်မားရှည်ကြာစွာ ပျံသန်းနိုင်ပြီး တိုက်ချင်းပစ် ဒုံးကျည်ထုတ်လုပ်ရေး အောင်မြင်ရန် အတွက် ကြီးမားသော တိုးတက်မှု ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။
နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသပ်မှုသည် ပိုမို ဝေးကွာသော အကွာအဝေးအထိ ရောက်နိုင်ခဲ့သော်လည်း ဒုံးကျည်သည် အိမ်နီးချင်း နိုင်ငံများပိုင် ရေပြင်တွင် မကျဘဲ ပင်လယ်ပြင်တွင် ကျရောက်စေရန် ဒုံးကျည်လမ်းကြောင်းကို အပေါ် ထောင်ထားခဲ့သည် ဟု Union of Concerned Scientists မှ မြောက်ကိုရီးယား ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ် ဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ်ရိုက် David Wright က ပြောသည်။
Pukguksong-2 ဒုံးကျည်၏ လောင်စာခဲများမှာ အထူးသဖြင့် စိုးရိမ်စရာကောင်းသည်ဟု သူက မှတ်ချက်ချသည်။
လောင်စာခဲသုံး ဒုံးကျည်များတွင် လောင်စာခဲများကို ပစ်လွှတ်စင်တွင် မထားမီ တပ်ဆင်ရပြီး ပိုမိုလျှို့ဝှက်မြန်ဆန်စွာ ပစ်ခတ်နိုင်သည်။ လောင်စာရည်သုံး ဒုံးကျည်များမှာမူ ပစ်လွှတ်သည့် နေရာရောက်မှလောင်စာထည့်သွင်းရပြီး ထိုသို့ လုပ်ရန် တနာရီခန့် အချိန်ယူရပြီး အခြားယာဉ်များလည်း လိုအပ်သည်။ ထို့ကြောင့် ၎င်းတို့ကို လောင်စာခဲသုံး ဒုံးကျည်များ ထက် ရှာဖွေဖျက်ဆီးရ လွယ်ကူသည်။
ကိုးကား ။ ။ AP နှင့် အေဂျင်စီသတင်းများ