ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရာချီသော ဒေသခံများသည် ၎င်းတို့ဒေသ၌ အစိုးရ တပ်မတော်နှင့်ရက္ခိုင့် တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်၍ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ ယခုရက်ပိုင်း အတွင်း ဝင်ရောက်ခို လှုံနေကြရကြောင်း သိရသည်။
ပလက်ဝမြို့နယ်၌ AA စစ်ကြောင်းတချို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ဒေသခံတချို့က ယူဆ၍ မီဇိုရမ်ပြည်နယ်ဘက်သို့ ခိုလှုံလာခြင်း ဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် မည်သည့် တိုက်ပွဲမှ မရှိကြောင်း၊ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိကြောင်း AA ၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က ဧရာဝတီ ကို ပြောသည်။
၎င်းက “ပလက်ဝဘက်က လူ ၆၀ လောက် ခိုလှုံလာတာရှိတယ်၊ အစိုးရ တပ်မတော်နဲ့ AA တို့ တိုက်ပွဲ ဖြစ်တော့မယ် ဆိုပြီး စိုးရိမ်လို့ ထွက်ပြေးလာကြတာလို့ သိရတယ်၊ တကယ့်မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိတဲ့အတွက် သူတို့ရဲ့ နေရပ်ကို ပြန် ပို့ဖို့ အိန္ဒိယ အာဏာပိုင်တွေက ပြင်ဆင်နေပါတယ်လို့ သိရတယ်” ဟု ပြောဆိုသည်။
ချင်းပြည်နယ်အတွင်း၌ AA နှင့် အစိုးရ တပ်မတော်တို့ကြား စစ်ရေး တင်းမာမှုများကြောင့် အမျိုးသမီးနှင့် ကလေးအများစု ပါဝင်သည့် ဒေသခံ ၃၀၀ နီးပါးသည် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ မီဇိုရမ် ပြည်နယ်ထဲသို့ လာရောက်ခိုလှုံနေကြကြောင်း၊ ၎င်းတို့ အား သက်ဆိုင်ရာ အိန္ဒိယ အာဏာပိုင်များက ကူညီစောင့်ရှောက်ပေးထားကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များ အား ကိုးကား၍ The News Indian Express သတင်းတွင်လည်း ရေးသားထားသည်။
ထို့အတူ ဒေသခံများအား ၎င်းတို့နေအိမ်များမှ စွန့်ခွာသွားရန် AA တပ်ဖွဲ့ဝင်တချို့က ဖိအားပေးမှုများရှိကြောင်းနှင့် လူသစ်စု ဆောင်းမှုများ လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေခြင်းသည်လည်း မှန်ကန်မှု မရှိကြောင်း AA အဖွဲ့က ဆိုသည်။
ပလက်၀ ဒေသခံများသည် အိန္ဒိယနယ်စပ်ဒေသရှိ ရွှေလက်၀ ဆိုသည့် ကျေးရွာတွင် ခိုလှုံနေကြကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ အိန္ဒိယ အာဏာပိုင်များက ကူညီစောင့်ရှောက်ထားပြီး ယခုရက်ပိုင်းအတွင်း နေရပ်ကို ပြန်ပို့မည်ဟု သိရ ကြောင်း ဦးခိုင်သုခ က ပြောပြသည်။
ဦးခိုင်သုခ က “တိုက်ပွဲဖြစ်ရင် ဒေသခံတွေက ကြားညပ်မယ်၊ ဒုက္ခတွေ ရောက်မယ်၊ စစ်ပွဲတွေ ဖြစ်တော့မယ် ဆိုပြီးတော့ တချို့အဖွဲ့တွေက နောက်ကွယ်က လှုံ့ဆော်တာတွေ ရှိကောင်းရှိနိုင်ပါတယ်၊ အဲဒါကြောင့် ထွက်ပြေးလာကြတာပါ” ဟု လည်း ပြောဆိုသည်။
AA နှင့် အစိုးရ တပ်မတော်တို့ကြား ပြီးခဲ့နှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဒေသခံများရှိခဲ့ကြောင်း၊ လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း ပလက်ဝဒေသခံ တချို့က ဧရာ ဝတီ ကို ပြောသည်။
AA နှင့် အစိုးရ တပ်မတော်တို့ကြား တိုက်ပွဲများသည် ပလက်ဝမြို့နယ်အပြင် ကျောက်တော်၊ ရသေ့တောင် စသည့် ရခိုင် ဒေသတွင်း မြို့နယ် တချို့တွင်လည်း ပြီးခဲ့သည့်နှစ်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အိုးအိမ်စွန်ခွာ ထွက်ပြေးခဲ့ရသည့် စစ်ပြေး ဒုက္ခသည် အများအပြား ရှိခဲ့သည်။
ပလက်ဝမြို့နယ်၌ AA အပြင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ/တပ်မတော် (ALP/ALA) တပ် တချို့လည်း အခြေစိုက် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။