အထည်ချုပ်စက်ရုံအားလုံး၏ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများကို လာမည့် ဇွန်လဆန်းတွင် Fully Online Licensing (အွန်လိုင်းမှ ငွေပေးချေမှု) စနစ်၌ Myanmar Payment Union (MPU) ကတ်အသုံးပြု၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။
စီးပွား/ကူးသန်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “ကုန်သွယ်မှု ဆိုင်ရာမှာ နိုင်ငံတော်ကို ငွေ ပေးသွင်းရတာ ရှိပါတယ်။ ဥပမာ လိုင်စင်စနစ်တွေ ရှိပါတယ်။ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေ၊ စီးပွားရေးဆိုင်ရာ မှတ်ပုံတင် ကြေးတွေ ရှိပါတယ်။ ဒီလို ငွေပေးသွင်းတဲ့ ကိစ္စတွေမှာ အရင်က ငွေသားနဲ့ ပေးသွင်းရတဲ့ စနစ် လုပ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ ခွင့်ပြုအမည် ၄၃ မျိုးကို ခွင့်ပြုခဲ့တယ်” ဟု ပြောသည်။
လတ်တလောတွင် လိုင်စင် ထုတ်ယူရန်အတွက် အထည်ချုပ် စက်ရုံ ၁၀ ရုံက လျှောက်ထားကြောင်း၊ အမည်သစ် ၃၀၀ ထပ်တိုး ထုတ်ပေးရန်လည်း ပြင်ဆင်နေ၍ ၂၀၁၇ ခုနှစ် ဇွန်လဆန်းပိုင်းတွင် အထည်ချုပ် စက်ရုံ အားလုံးကို ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ လုပ်ငန်းများကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နေပြည်တော် စီးပွား၊ကူးသန်း ရုံးချုပ်၊ ရန်ကုန် ပို့/သွင်းရုံး၊ မြဝတီ၊ မူဆယ် ကုန်သွယ်ရေးဇုန်များတွင် လိုင်စင်နှင့် ပတ်သက်သည့် ငွေပေး သွင်းမှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ယင်း MPU စနစ်ဖြင့် ငွေပေးချေမှုကို ဝန်ဆောင်မှုပေးမည့် လေးနေရာတွင် အောင်မြင်ပါက အထူးစီးပွားရေးဇုန်များ၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် ကျန်နယ်စပ်ကုန်သွယ်ရေး စခန်းများ၏ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှုများ ပြုလုပ် နိုင်ရန် တဆင့်ချင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “သက်ဆိုင်ရာ ကုန်သွယ်ရေး စခန်းတွေနဲ့ အနီးစပ်ဆုံး ဘဏ်တွေက အလှမ်း ကွာ ဝေး ပါတယ်။ ဘဏ်သိမ်းချိန်မှာ သက်ဆိုင်ရာဘဏ်တွေကို ငွေပြန်ပို့တဲ့ အခါမှာလည်း နယ်မြေဒေသရဲ့ လုံခြုံရေး အခြေ အနေအရ မလိုလားအပ်တဲ့ ကိစ္စတွေ မဖြစ်ပေါ်စေရေးအတွက် E- Government မှာပါတဲ့ E-payment စနစ်ကို တွင်တွင် ကျယ်ကျယ် ဖြစ်လာဖို့ MPU စနစ်နဲ့ ကျင့်သုံး ဆောင်ရွက်တာပါ။ ဒါကြောင့် အခုဘဏ်တခုတည်း မဟုတ်ဘဲနဲ့ ဘဏ် ၂၃ ခု မှာ ၁၇ ခုက MPU ကတ်နဲ့ သုံးစွဲနိုင်ပြီ ဖြစ်တယ်” ဟု ပြောသည်။
မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ပြုလုပ်သည့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေး ပေးသွင်းမှုများကို MPU စနစ်ဖြင့်ပေးချေမည့် လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင်တဦးကလည်း “MPU ကwfစနစ်နဲ့ သွားတာတော့ ကောင်းပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေ အစိုးရ ကို ငွေပေးသွင်းရမယ်ဆိုတော့ အခုက အင်တာနက် ကွန်နက်ရှင်က အဝိုင်း လည်နေတာက များတယ်။ ဒီ အခြေ အနေကို မြန်မာ့ဆက်သွယ်ရေးက ဘယ်လိုလုပ်ပေးမှာလဲ” ဟု ရှင်းလင်းပွဲတွင် မေးမြန်းသည်။
ကမ္ဘောဇ (KBZ) ဘဏ်မှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မျိုးက “MPU ကတ်နဲ့ ငွေပေးသွင်းမှုကို ပထမဆုံး အနေနဲ့ မြို့၄ မြို့မှာ စမယ်။ နောက်ပိုင်းမှာ နေရာ ၂၃ ခုကို တိုးချဲ့သွားမှာ ဖြစ်တယ်။ ကုန်သွယ်မှု ဂိတ်တွေရဲ့ အနီးဆုံး နေရာမှာ ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံတော်သို့ ပေးသွင်းရသည့် လိုင်စင်ကြေး၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံ တင် ကြေး၊ စီးပွားရေး အကျိုးဆောင် မှတ်ပုံတင်ကြေး စသည့် ငွေပေးသွင်းခြင်း ကိစ္စများတွင် ယခင်က ငွေသားဖြင့် ပေးသွင်းခြင်းကိုသာ ဆောင်ရွက်ရာမှ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံသားများ ဘဏ်(MCB)က အကောင့်ဖွင့်ပြီး အွန်လိုင်း ပေါ်မှ ငွေပေးသွင်းသည့် စနစ်ဖြင့် ဘဏ်တခုတည်းနှင့်သာ ချိတ်ဆက် ဆောင်ရွက်ခဲ့ရ၍ မလိုလားအပ်သော အဆင့်များ ရှိခြင်း၊ ဘဏ်ပိတ်ချိန် ကန့်သတ်ချက်များရှိခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
သို့သော် ကုန်သွယ်လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်တခုတည်းဖြင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသဖြင့် ယခုကဲ့သို့ MPU စနစ်ဖြင့် ပြောင်းလဲနိုင်ရေးကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ဘဏ်အဖွဲ့အစည်းများ ကမ္ဘောဇ(KBZ)၊ မြန်မာ့ဆက်သွယ်ရေး(MPT) အပါအဝင် နည်းပညာကုမ္ပဏီ (Information Matrix) များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။