ယခင် လွှတ်တော် သက်တမ်းအတွင်း ပြီးပြတ်အောင် ပြဋ္ဌာန်းခြင်း မရှိခဲ့သည် အကျဉ်းထောင် ဥပဒေကို ပြန်လည်ပြဋ္ဌာန်းနိုင်ရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတို့ ယမန်နေ့က နေပြည်တော် လွှတ်တော်ဝင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ရှိ လွှတ်တော်၏ အနေအထားသည် နိုင်ငံရေး အကျဉ်းသားဟောင်း အများစု ပါဝင်၍ တက်ရောက်ခွင့် ရနေသည့် အတွက် အကျဉ်းထောင် ဥပဒေကို ပြန်လည် တင်ပြနိုင်မည်ဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်းမှ အခြေအနေများကို ပြင်ဆင်ရန်အတွက် မဖြစ်မနေ ပြဋ္ဌာန်းရန်လိုအပ်သည်ဟုလည်း ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းကပြောသည်။
ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက “ အခုလောလောဆယ်တော့လွှတ်တော်ကိုယ်စားလှယ်က တင်ဖို့ မရှိသေးဘူး တင်စားရှိခဲ့လို့ရင် တော့ သူ့ရဲ့ ဝန်ကြီးဌာနက တင်မယ်။ တင်ဖြစ်မယ်လို့တော့ ထင်ပါတယ် ၊ အသံတွေလည်းကြားနေတယ်” ဟုပြောသည်။
အကျဉ်းထောင်မှ သတင်းအချက်အလက်များသည် နိုင်ငံတော်၏ လိျှု့ဝှက်ချက်ဖြစ်သည် ဆိုသော အတွေးအခေါ်ဟောင်းများ ကို လည်း အဆိုပါ ဥပဒေဖြင့် ပြောင်းလဲအောင် ဆောင်ရွက်မည်ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က မီဒီယာများကိုပြောသည်။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က “အာဏာရှင်တွေ လက်အောက်မှာ ရှိနေတဲ့ အကျဉ်းထောင်က အကျဉ်းထောင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေသည် နိုင်ငံတော် ၏ လျို့ဝှက်ချက် ဖြစ်သည် ဆိုတဲ့ Mind Set တွေရှိတယ် အဓိကက အဲဒီစိတ်ကူးကို ကျနော်တို့ ပြောင်းလဲဖို့လိုမယ်။” ဟု အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ နှင့် တွေ့ဆုံမှု အပြီးတွင် ပြောသည်။
အကျဉ်းထောင် ဥပဒေကြမ်းကို သမ္မတဟောင်း ဦးသိန်းစိန်တာဝန်ယူခဲ့သည့် လွှတ်တော် သက်တမ်းအတွင်းက ပြည်ထဲရေးဝန်ကြီးဌာန မှတဆင့် လွှတ်တော် သို့ တင်ပြခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြဌာန်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယင်းဥပဒေကို ပြဋ္ဌာန်းလိုသည့် ရည်ရွယ်ချက်မှာ ထောင် မှ လွတ်မြောက်လာပြီးနောက် ရာဇဝတ်မှုကြီးများ ကျူးလွန်ခြင်း၊ ထောင် အတွင်း ဖြစ်နေသည့် ကျန်းမာရေး ပြသာနာများ၊ ကိုယ်အင်္ဂါချို့တဲ့သူများ ၏ အခွင့်အရေး နှင့် ထောင်ကျသူများ ပြန်လည် ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း ဦးဘိုကြည်က ရှင်းပြသည်။
ဦးဘိုကြည်က “ လောလောဆယ် အကျဉ်းထောင်မှာ လူဦးရေ အရမ်းများနေတယ်။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် သိပ်မရှိတဲ့ လူတွေကလည်း ထောင်ထဲကိုရောက်နေတာတွေရှိတယ်။ ဒါတွေကို လျှော့ချတာကတော့ ရေတိုလုပ်ငန်းစဉ် အနေနဲ့ ဒါမှမဟုတ် လတ်တလော လုပ်ငန်းစဉ်အနေနဲ့ လုပ်သင့်တယ်”ဟု ဆိုသည်။
အကျဉ်းထောင် ဥပဒေ ပြဋ္ဌာန်းမည် ဆိုပါက အခြားဆက်စပ်နေသည့် လူ့အခွင့်အရေး ဥပဒေအချို့ကိုလည်း ပြင်ဆင်သွားရန် လိုအပ်ကြောင်း၊ ဥပဒေပြဌာန်းပြီးနောက် လိုက်နာကျင့်သုံး၇မည့် အကျဉ်းဦးစီးမှ ဝန်ထမ်းများ ၏ ဘဝကိုလည်း အာမခံချက် ရှိအောင် အစိုးရ ဘက်မှ တာဝန်ယူပေးရန် လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ပြဿနာများ၊ ကျန်းမာရေးပြဿနာများနှင့် ထောင်တွင်းဖိနှိပ်မှုများစွာ ရှိနေဆဲဖြစ်ရာ လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်မှုများလည်း ရှိနေသည်။