စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာမြေ နန်စီဘွန်ဒေသရှိ မကျန်ခမှော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ရေမဆေးကျောက် ရှာဖွေသူ ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုသည် အစိုးရအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းသာ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၁၇ ရက်နေ့က မကျန်ခမှော်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် လူသေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မေလ ၂၂ ရက်တွင် ကျင်းပသည့့်် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ခန္တီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက ပဋိပက္ခဖြေရှင်းရာတွင် လူစုလူဝေးကို ဖယ်ရှားရန် အဓိကရုဏ်း နှိမ်နင်းနည်း အဆင့်ဆင့်ကို အသုံးမပြုဘဲ သေနတ်ဖြင့် ပစ်ခတ်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဟုတ်၊ မဟုတ်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာတွင် အစိုးရအဖွဲ့က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးမောင်တေးက “သူတို့က ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်ထားတာပါလို့ ဖြေသွားတယ်။ ဖြေသွားတာက ဥပဒေချုပ်ရယ်၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူးရေး ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံရယ်။ သူတို့တွေက အဲဒီလိုပဲဖြေသွားတယ်။ ဘာမှ ထူးထူးခြားခြားမပါဘူး” ဟု၎င်းက ဆိုသည်။
မကျန်ခမှော်တွင် မေလ ၁၇ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ ရေမဆေး ကျောက်ရှာဖွေသူ ၄ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြသည်ဟု ဒေသခံများက ပြောဆိုထားသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြစ်စဉ် အမှန်မှာ လူ ၃ ဦးသာ သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် ရေမဆေး ကျောက်ရှာဖွေသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မြန်မာ့ အင်ပီရီရယ်ဂျိတ် ကုမ္ပဏီပိုင် ဆီလှောင်ကန် ၃၈ကန်စလုံး မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ယင်းထုတ်ပြန်ကြေညာချက်တွင် ၂၀၁၇ ခုနှစ် မေလ ၁၇ ရက်၌ ခန္တီးခရိုင် ခန္တီးမြို့ ရတနာနယ်မြေ နန်စီဘွန် ဒေသရှိ မြန်မာအင်ပီရီရယ်ဂျိတ် (ဦးပိုင်) ကုမဏီ၏ မကျန်ခ လုပ်ကွက် အတွင်းသို့ ရေမဆေးကျောက် ရှာဖွေသူ ၇၀၀ ခန့်က ဝင်ရောက်ကာ ခြံစည်းရိုးများ ဖျက်ဆီးခြင်း၊ ဆီလှောင်ကန်များ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ပဋိပက္ခဖြစ်ပွားမှုအပေါ် စုံစမ်းစစ်ဆေးမည့် ကော်မရှင်ကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က မေလ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ်ဖွဲ့မှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ခန္တီးမြို့နယ်မှ လွှတ်တော် ကိုယ်စား လှယ်၂ ဦး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနမှ တိုင်းအဆင့်ညွှန်ကြားရေးမှူး နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ အပါအဝင် အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။
ယင်းကော်မရှင်က အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး တွေ့ရှိချက်များ၊ သုံးသပ်ချက်များ၊ အကြုံပြုချက်များကို မေလ ၃၁ ရက်နေ့တွင် အစိုးရအဖွဲ့ထံ ပြန်လည် တင်ပြရမည်ဖြစ်သည်။
ဖြစ်စဉ်အသေးစိတ်ကို တိတိကျကျ သိရှိရန် နန်စီဘွန်ဒေသရှိ မကျန်ခမှော်သို့ မေလ ၂၅ ရက်နေ့တွင် သွားရောက် စုံစမ်းမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်သည့် ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောသည်။
“ကြာသပတေးနေ့တော့ သွားကြည့်ဖြစ်မယ်။ ကော်မရှင်က လေ့လာတွေ့ရှိချက်တွေနဲ့ သုံးသပ်ချက်တွေကို စစ်ကိုင်းတိုင်း အစိုးရကို တင်ရမှာ ဒီလ ၃၁ မှာ တင်ရမှာပါ” ဟု ၎င်းက ပြောသည်။