ပန်းမျိုးစိတ်သစ်ကို တနင်္သာရီဟု အမည်ပေး
ခရမ်းရောင်တွင် ပန်းနုရောင်စွန်းနေသော နူးညံ့သည့် ပန်းမျိုးစိတ်သစ်တခုကို တနင်္သာရီတိုင်း၏ အမည်ကို အစွဲပြုပြီး အင်ပက်ရှန့်စ် တနင်္သာရီရန်စစ် (Impatiens Tanintharyiensis) ဟု အမည်ပေးလိုက်ကြောင်း သိရသည်။
ထို ပန်းပင်ကို ထားဝယ်မြို့နယ် သက်ကယ်ကွက်ကျေးရွာရှိ ဟဝန်ရေတံခွန်အနီး နေရာ နှစ်ခုတွင် တွေ့ရသည် ဟု ဆိုသည်။ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ ဖြစ်သည့် အာဖရိကနှင့် ယူရေးရှတွင် အင်ပက်ရှန့်စ် မျိုးစိတ် တထောင်ခန့် ရှိသည်။ ဥရောပတွင် ထိုပန်းများကို Busy Lizzy သို့မဟုတ် Touch-me-not ဟုခေါ်ကြသည်။
အရှေ့တောင်အာရှသည် ထိုပန်းမျိုးများ မကြာခဏတွေ့ရသော နေရာ ၅ ခု အနက် တခု ဖြစ်သည်။ အခြား နေရာများမှာ အာဖရိက အပူပိုင်းဒေသ၊ မာဒါဂတ်စကာ၊ အိန္ဒိယတောင်ပိုင်းနှင့် တရုတ်ဟိမဝန္တာဒေသ ဖြစ်သည်။
ထိုပန်မျိုးစိတ်အသစ် အကြောင်းကို ထိုင်းနိုင်ငံမှ သုတေသီ ဆာရော့ ရပ်ချ်ချစ်ဆန်ဆာကန် (Saroj Ruchisansakun)၊ မြန်မာနိုင်ငံ ပန်းစိုက်ပျိုးသူများ အသင်းမှ ဒေါက်တာစန်းလွင်နှင့် အခြားသူများက မကြာသေးမီက Phytotaxa စာစောင်တွင် ရေးသားခဲ့ကြသည်။

သို့သော် အင်ပက်ရှန့်စ် တနင်္သာရီရန်စစ် မှာ ရှာဖွေတွေ့ရှိ ချိန်တွင်ပင် မျိုးတုန်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
နိုင်ငံတကာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (International Union of Conservation – IUCN) ၏ စံနှုန်းများ အရ ထိုပန်းပင်မှာ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု စာရေးသူများက ဆိုသည်။
“ဟဝန်ရေတံခွန် ဒေသသည် ခရီးသွားလုပ်ငန်းကြောင့် ပြင်းထန်သော ဖိအားပေးခံနေရသည်။ တနေရာလျှင် အပင် ၁၀၀ အောက်သာ ရှိပြီး ဒေသတွင်း လူသားများ၏ လှုပ်ရှားမှုများကြောင့် အလျင်အမြန်မျိုးတုန်း ပျောက်ကွယ် သွားနိုင်သည်” ဟု ၎င်းတို့က ရေးသားသည်။
“အစိုးရက ဒါမှမဟုတ် ဒေသခံပြည်သူတွေက ဒီပန်းပင်ကို ကာကွယ်ချင်ရင်တော့ အရေအတွက်ကို ထိန်းထားဖို့ ရေတံခွန်ရဲ့ တစိတ်တပိုင်းကို ကာကွယ်ထားပြီး ကျန်တဲ့ နေရာတွေမှာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အားပေးရလိမ့်မယ်” ဟု ဆာရော့ ရပ်ချ်ချစ်ဆန်ဆာကန် က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
တနင်္သာရီ တိုင်းဒေသကြီးတွင် ထိုပန်းမျိုးစိတ်သစ် တွေ့ရှိခြင်းသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော ရာစုနှစ် တခုက အပင်အမျိုးအစား ခွဲခြားလေ့လာသူများ နောက်ဆုံးရှာဖွေတွေ့ရှိခဲ့သော မျိုးစိတ်တခုသို့ အာရုံရောက်သွားစေသည်။
ချားလ်စ်ဒါဝင်၏ သူငယ်ခြင်းဖြစ်သူ ထင်ရှားသော ဗြိတိသျှ ရုက္ခဗေဒပညာရှင် ဆာဂျိုးဆက် ဒေါ်လတန် ဟွတ်ကာ ၁၉၀၄ ခုနှစ်က ထုတ်ဝေသော “A Sketch of the Flora of British India,” စာအုပ်တွင် မြန်မာနိုင်ငံမှ အင်ပက်ရှန့်စ် မျိုးစိတ် အမျိုးမျိုးကိုဖော်ပြခဲ့သည်။ အိုင်းရစ်စစ်သားနှင့် သဘာဝတ္တ ပညာရှင် အက်စ်အမ် တော့ပင် သည်လည်း ကချင်ပြည်နယ်တွင် မျိုးစိတ်သစ်တခု တွေ့ရှိခဲ့ပြီး ၁၉၂၀ တွင် ထိုမျိုးစိတ်ကို သူ၏ အမည်ပင် မှည့်ခေါ်ခဲ့သည်။
ယခု နောက်ဆုံးတွေ့ရှိသော မျိုးစိတ်အပါအဝင် မျိုးစိတ် ၄၈ ခုကိုသာ မြန်မာနိုင်ငံတွင် မှတ်တမ်းတင်နိုင်သေးပြီး အိမ်နီးချင်း နိုင်ငံများတွင် မှတ်တမ်းတင်ပြီးသော အင်ပက်ရှန့်စ် မျိုးစိတ်များမှာ ပိုမိုများပြားသည်။ အိန္ဒိယတွင် ၂၀၀ ခန့် ရှိပြီး တရုတ်နိုင်ငံတွင် ၂၈၀ ခန့်ရှိနေသည်။
မြန်မာနိုင်ငံသည် ရာစုနှစ် တဝက်နီးပါး စစ်အုပ်ချုပ်ရေး အောက်တွင် အထီးကျန် နေထိုင်ခဲ့သောကြောင့် နိုင်ငံ၏ ဇီဝမျိုးကွဲ အများအပြားကို သိပ္ပံပညာရှင်များက ဖော်ထုတ်တင်ပြနိုင်ခြင်း မရှိသေးပေ။
စူးစမ်းရှာဖွေခြင်း မပြုရသေးသော တနင်္သသာရီဒေသ ဇီဝမျိုးကွဲစုံလင်မှု အတွက် ကမ္ဘာတွင်ကျော်ကြာပြီး Gurney’s Pitta ငှက်မှ ကျားများ အထိပါဝင်သော မျိုးတုန်းပျောက်ကွယ်တော့မည့် သားရိုင်းများ၊ စုံလင်သော အပင်များ ရှိသော နေရာ ဖြစ်သည်။
သို့သော် ထိုဒေသ၏ သစ်တော အခြေအနေမှာ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ လမ်းများ၊ ဆီအုန်းနှင့် ရာဘာ အပါအဝင် စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများ၏ ခြိမ်းခြောက်မှု ခံနေရသည်။ ။