အိမ်အကူမိန်းကလေးနှစ်ဦးကို ညှင်းပမ်းနှိပ်စက်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များကို ၈ လကြာ စစ်ဆေးပြီးနောက် လာမည့်မေလ ၂၅ ရက်ရုံးချိန်းတွင် အမှုများစွဲချက်တင်ရန် အတည်ပြု အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များဖြစ်သည့် ဦးတင်လတ်နှင့် ဦးတင်မင်းလတ်တို့၏ရှေ့နေ ဦးမျိုးညွန့်က “လာမယ့် ရုံးချိန်းမှာ စွဲချက်အမိန့်ချမယ်။ စွဲချက်တင်ပြီးရင်တော့ ကာယကံရှင်တွေနဲ့ တရားလိုပြသက်သေတွေ ဆက်စစ်ဆေး အုံးမယ်။ ပြီးမှ အပြီးသတ် အမိန့်ချမှာပါ” ဟု ပြောသည်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆၆ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၅/၃၂၆ (နာကျင်စေမှု) တို့ဖြင့် ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်၍ အမှုဖွင့်တရားစွဲဆိုထားသည်။
၂၀၀၅ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်းအပြင် ငွေဒဏ်၊ ၁၉၉၃ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆၆ အရ ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ကျပ် ၁ သောင်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး၊ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၇ နှစ်အထိအပြင် ငွေဒဏ်ပါ ချမှတ်နိုင်ပြီး၊ ပုဒ်မ ၃၂၆ အရ တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ဆယ်နှစ်အထိချမှတ်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌါန်းပါရှိသည်။
အင်းဝဆိုင်ပိုင်ရှင်များ၏ နှိပ်စက်မှုကြောင့် လက်ချောင်းရိုး ကျိုးခြင်း၊ ရေနွေး ပူလောင်ဒဏ်ရာ၊ ကတ်ကြေးဖြင့် အထိုးခံရသည့် ဒဏ်ရာများရရှိခဲ့သည့် မစန်းကေခိုင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၅ လကျော်ကြာ တက်ရောက်ခွဲစိတ် ကုသမှုခံယူခဲ့ရပြီး ဒဏ်ရာအခြေအနေများ သက်သာကောင်းမွန်လာကြောင်း သိရသည်။
အိမ်အကူမိန်းကလေး ၂ ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် မစန်းကေခိုင်နှင့် မသဇင်တို့သည် ကော့မှူးမြို့နယ်၊ ဘောလုံးကွင်းကျေးရွာသူများဖြစ်ပြီး အသက် ၁၀ နှစ်ခန့် ကတည်းက အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးအား ဆိုင်ပိုင်ရှင်များက ညှင်းပမ်းနှိပ်စက်ခံရမှုများကို Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။