ရန်ကုန်မြို့ရှိ အင်းလျားကန် မြကျွန်းသာ ပြည်သူပိုင် ပန်းခြံအတွင်းရှိ အကြိမ်ကြိမ် ဆိုင်းငံ့ခံခဲ့ရသော အငြင်းပွားဖွယ်ရာ စီမံကိန်းအတွက် မြို့တော် စည်ပင်မှ Master Plan ဘက်စုံစီမံချက်တခု ရေးဆွဲလျှက် ရှိသည်။
မြေ ၁၃ ဒသမ ၈၆၄ ဧကကို ငှားရမ်းထားသော Magic Land ၊ မြေ ၂ ဒသမ ၆၈၆ ဧကကို ငှားရမ်းထားသော နေလပွင့်၊ မြေ ၁ ဒသမ ၃၇၇ ဧကကို ငှားရမ်းထားသော ရူဂျီ (Ryu Ji) နှင့် မြေ ၁ ဒသမ ၈၃ ဧကကို ငှားရမ်းထားသော Mandalay Golden Wing အပါအဝင် ကုမ္ပဏီ ၄ ခုတို့သည် ဈေးဝယ်စင်တာတခု၊ ကလေးကစားကွင်း တခု၊ ကျန်းမာရေး ကလပ်တခုနှင့် ကစားကွင်းတခု အပါအဝင် သုံးထပ်ခွဲအထိရှိသော အဆောက်အဦး စီမံကိန်းများကို အင်းလျားကန်စပ်အကျယ် ၄၅ ဧကရှိသော မြကျွန်းသာ ပန်းခြံအတွင်း ဆောက်လုပ်ခဲ့ကြသည်။
အများပြည်သူ အပန်းဖြေရန် ရည်ရွယ်ထားသောနေရာကို အလွဲသုံးစား ပြုလုပ်သည် ဟူသော စွပ်စွဲချက်များ ပေါ်ထွက်လာပြီးနောက် အများပြည်သူ၊ မီဒီယာ နှင့် မြို့ပြစီမံကိန်း ရေးဆွဲသူများက ထိုစီမံကိန်းများကို ဝေဖန်ခဲ့ပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ယမန်နှစ် အောက်တိုဘာလက ဆိုင်းငံ့စေခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ထုတ်ခဲ့သည်။
ယခင်အစိုးရ သက်တမ်းအတွင်း ၂၀၁၃ ခုနှစ်က ထိုကဲ့သို့သော စီမံကိန်းများ ဆောင်ရွက်ရန် ကုမ္ပဏီ ၈ ခုတို့ကို ခွင့်ပြုခဲ့သည်။ အခြား ကုမ္ပဏီ ၄ ခုမှာ ဧဒင်၊ ဂွတ်ရှမ်းဘရားသား၊ မြန်မာဂိုးလ်ဒင်းစတား နှင့် မက်စ်မြန်မာတို့ ပါဝင်ပြီး ထိုပန်းခြံတွင် လုပ်ငန်းများ စတင်ခြင်း မရှိသေးပေ။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ထိုပြဿနာနှင့် ပတ်သက်၍ ယခုနှစ် ဇန်နဝါရီလက ကျင်းပသည့် ရန်ကုန်တိုင်းအစိုးရ၏ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ထိုနေရာအတွက် Master Plan တခု ရေးဆွဲနေသည်ဟု တိုင်းလွှတ်တော်သို့ တနင်္လာနေ့တွင် ပြောသည်။
“တိတိကျကျလုပ်ရမယ့် ဟာတွေ။ ဆောက်လုပ်မှု အားလုံးဟာ ကန်ရဲ့ မြေထိန်းနံရံနဲ့ အနည်းဆုံး ပေ ၃၀ အကွာအဝေးမှာ ရှိရမယ်။ တချို့တွေက အဲဒါကို မလိုက်နာဘူး။ ဒီတော့ သူတို့ ဆောက်ထားတာကို ဖျက်ချရမယ်။ အဆောက်အအုံတွေရဲ့ အမြင့်တွေကိုလည်း ကျနော်တို့ ပြန်စစ်ဆေးမယ်” ဟု သူက ပြောသည်။
“မဆောက်ရသေးတဲ့ ကုမ္ပဏီတွေ အနေနဲ့ကတော့ Master Plan ကို လိုက်နာရမယ်။ မလိုက်နာနိုင်ရင်တော့ မြေကို ပြန်အပ်ရမယ်” ဟုလည်း မြို့တော်ဝန်က ပြောသည်။
ဧရာဝတီ သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကုမ္ပဏီတခု အကြား သဘောတူညီချက် အရ ထိုမြေကို ၅ နှစ် သက်တမ်းတိုးခွင့်နှင့် တကွ ကုမ္ပဏီများအား ၄၅ နှစ် အငှားချထားပြီး မြေငှားခမှာ တဧကကို တလလျှင် ကျပ် ဆယ်သိန်း (ဒေါ်လာ ၈၀၀ခန့်) ဖြစ်သည်။ မြေငှားခမှာ ထိုနေရာအတွက် လက်ရှိပေါက်ဈေးဖြစ်သည့် ကျပ် သိန်း ၅၀ (ဒေါ်လာ ၄၀၀၀ ခန့်) အောက်များစွာ နိမ့်ကျနေသည် ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
၂၀၁၅-၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် အတွက် ရန်ုကုန်တိုင်း စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ အရ မြကျွန်းသာ ပန်းခြံအား ထိုကဲ့သို့ ပေါက်ဈေး အောက်တွင် ငှားရမ်းထားခြင်းကြောင့် အစိုးရသည် တနှစ်လျှင် ကျပ် ၂၁ ဒသမ ၆၂၉ ဘီလီယံ ဆုံးရှုံးသည် ဟု သိရသည်။
မြေငှားခများကို လက်ရှိ အစိုးရက ပြန်လည် တိုးမြှင့်ကောက်ခံမည် ဟုတ် မဟုတ်ကို မြို့တော်ဝန်က တနင်္လာနေ့က ပြောကြားခြင်း မရှိပေ။
“Master Plan က မြန် မြန်ပြီးဖို့ထက် မှန်မှန်ပြီးဖို့ လိုတယ်။ (အဲဒီမှာ) အခုဖြစ်သွားတာက အမှားကြီးပါ။ နောက်ထပ်ဆက်မမှားဖို့ သေသေချာချာလုပ်ဖို့လိုပါတယ်” ဟု ဦးမောင်မောင်စိုးက မြကျွန်းသာနှင့် ပတ်သက်ပြီး ပြောသည်။ ။
(Rangoon Drafting Master Plan for Controversial Projects in Mya Kyun Tha ကို ဘာသာပြန်သည်။)