လီဆူးလူမျိုးစု ၂၀၀၀ ခန့်က ကချင်လွပ်လပ်ရေးတပ်မတော်/ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) အား ဒေသတွင်းရှိ လီဆူး တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရန် တေင်းဆိုပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံးနှင့် ချီဖွေ မြို့များမှ ကန့်ကွက်ဆန္ဒပြသူများသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ယမန်နေ့ မေလ ၂၂ ရက်နေ့ တနင်္လာနေ့က စုရုံးခဲ့ကြပြီး ကချင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်းအနေနှင့် လူနည်းစု လီဆူး လူမျိုးစုများ အပေါ် အကြမ်းဖက်မှုများ အတွက် တောင်းပန်ရန်နှင့် နောင်တွင် ထိုလုပ်ရပ်များကို ရပ်ဆိုင်းမည်ဟု ကတိပြုရန် ဖိအားပေး တောင်းဆိုခဲ့ကြသည်။
“ဒီ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာရတာက ညှိနှိုင်းဖြေရှင်းဖို့ ကျနော်တို့ရဲ့ အားထုတ်မှုတွေ မအောင်မြင်လို့ပါ” ဟု ကချင်ပြည်နယ် လီဆူးစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ ဦးလာစီက ပြောသည်။
လီဆူး လူမျိုးစုများသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ပြစ်မှု ကျူးလွန်သူများကို အပြစ်ပေးရန် ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ရေး အဖွဲ့ (Kachin Peace-talk Creation Group – PCG) မှ တဆင့် ဆန္ဒပြသူများက ယခင်က တောင်းဆိုခဲ့သည် ဟုလည်း သူက ဆက်ပြောသည်။
စွပ်စွဲချက်များ အရ KIA စစ်သားများက လွန်ခဲ့သော ဧပြီလက သတ်ဖြတ်ခဲ့သော ဝိုင်းမော်မြီု့ ခစီကျေးရွာမှ ဦးဇော်လေး အကြောင်းကို သူက အထူးသဖြင့် ကိုးကား ပြောဆိုခဲ့သည်။ ဦးဇော်လေး၏ အလောင်းကိုလည်း တလကျော် ကြာသည့်တိုင် မိသားစုထံ ပြန်မပေးသေး ဟု သိရသည်။
“ဒီအမှုကို မဖြေရှင်းလို့ ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်” ဟု ဦးလာစီက ပြောသည်။
KIA သည် ၂၀၁၇ ခုနှစ် အတွင်း ဆဒုံးမြို့နယ်ခွဲမှ ဦးငွားလေး အပါအဝင် အနည်းဆုံး လီဆူလူမျိုးစုဝင် နှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဌ ဦးရွှေမင်းက ပြောသည်။ KIA ကမူ ထိုသတ်ဖြတ်မှုသည် ၎င်းတို့၏ လက်ချက် မဟုတ်ဟု ပြောသည်။
“ကျနော်တို့က KIA အနေနဲ့ အကြမ်းဖက်မှု ရပ်ပြီး တောင်းပန်စေချင်တာ။ ပြီးတော့ ခံခဲ့ရတဲ့ သူတွေလည်း အထောက်အပံ့လည်း ရသင့်တယ်” ဟု ဦးရွှေမင်းက ပြောသည်။
လီဆူးသည် ကချင်လူမျိုးစုခွဲ ၆ စုတွင် ပါဝင်ပြီး လော်ဝေါ် လာချိတ် ကချင်၊ ဂျိမ်းဖောနှင့် ရဝမ်တို့ ဖြစ်သည်။
KIO/KIA သည် ယခင်စစ်အစိုးရနှင့် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲမှု ပျက်စီးသွားပြီးနောက် မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၆ နှစ်ခန့် ရှိပြီဖြစ်သည်။ KIA ကို မတရားသင်း အဖြစ် ဆက်လက် သတ်မှတ်ထားဆဲ ဖြစ်သော်လည်း အစိုးရသည် ထိုလက်နက်ကိုင်အဖွဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရေး အတွက် ညှိနှိုင်းရန် ကြိုးစားနေသည်။
၎င်းတို့သည် ကချင်လူမျိုးစုကို ကန့်ကွက် ဆန္ဒပြနေခြင်း မဟုတ်ဘဲ ညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ကျူးလွန် နေသောကြောင့် KIA အဖွဲ့ကိုသာ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်ကြောင်း ဦးလာစီ ပြောသည်။
ဧရာဝတီသတင်းဌာနက KIA နှင့် PCG ကို ယင်း အချက်များနှင့် ပတ်သက်ပြီး ဝေဖန်ပြောကြားပေးရန် ဆက်သွယ်ခဲ့သော်လည်း သတင်းရေးသားချိန် အထိ ဆက်သွယ်၍ မရခဲ့ပေ။