နွေရာသီအတွင်း ဖြစ်ပွားသည့် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း စသည့် သဘာ၀ ဘေးအန္တရာယ် များကြောင့် တနိုင်ငံလုံးမှ အိမ်ထောင်စု သောင်းနှင့်ချီ ဘေးဒုက္ခနှင့် ရင်ဆိုင် ကြုံတွေ့ရကြောင်း သိရသည်။
၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကျော်အတွင်း အိမ်ထောင်စု ၁၁,၂၉၅ စုမှ လူဦး ရေ ၃၁,၁၂၁ ဦးက သဘာဝဘေးဒဏ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ၁၇ ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းကျော်ဌေးက မေလ ၂၂ရက်နေ့တွင် ဧရာဝတီကို ပြောသည်။
ဦးသန်းကျော်ဌေးက “တိုင်းနဲ့ ဒေသကြီး ၁၄ ခုလုံး၊ နေပြည်တော် နယ်မြေရောပေါ့နော်။ အကုန်ပါတယ်” ဟု ဆိုသည်။
ယင်းသို့ ဘေးဒုက္ခ ကြုံတွေ့ရသူများကို ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ သေဆုံးမှုအတွက် ထောက်ပံ့မှုများ၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုများ စုစုပေါင်း ကျပ်သန်းပေါင်း ၆၄၇ သန်းကျော် ( ၆၄၇,၅၉၀,၅၃၆) ဖိုးကို ဝန်ကြီးဌာနက ယင်းကာလများအတွင်း ထောက်ပံ့ခဲ့ကြောင်း ၎င်းက ပြောသည်။
ယင်းသို့ ဖြစ်ပွားခဲ့သည့် သဘာဝဘေးကြောင့် အိမ်ခြေ ၁,၀၃၇ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၀,၂၃၀ လုံးမှာ တစိတ်တပိုင်း ပျက်စီးခဲ့ရကာ၊ ဘာသာရေးကျောင်း ၄ ခု ပျက်စီးခဲ့ပြီး ၁၅၀ ခန့်မှာ တစိတ်တပိုင်း ပျက်စီးခဲ့ရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။
တနိုင်ငံလုံး မုတ်သုံဝင်ချိန်ဖြစ်သည့် ဇွန်လအလယ်လောက်အထိ လေပြင်းတိုက်ခိုက်မှုများ၊ မိုးသီးကြွေခြင်းများကို ဂရုပြုပြီး နေထိုင်ရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက မေလ ၂၃ ရက်တွင် ဧရာဝတီကိုပြောသည်။
“လေပြင်းတိုက်တာကတော့ မိုးကြိုကာလဖြစ်တဲ့အတွက် အပူချိန်တွေကလည်း မြင့်နေတုန်း။ အပူချိန်မြင့်တဲ့အတွက် ကြောင့် မိုးတိမ်တောင်တွေ ဖြစ်တယ်။ ပြီးရင် လေပြင်းတိုက်တယ်ပေါ့။ ဒီဖြစ်စဉ်တွေကို မုတ်သုံဝင်ပြီးတဲ့အထိကို သတိ ထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးကြိုကာလမှာလည်း လေပြင်းတိုက်တာတွေလည်း ရှိသလို မုတ်သုံဝင်စမှာလည်း လေပြင်းတိုက်တာတွေ ရှိတယ်။ ဇွန်လ အလယ်လောက်ထိ သတိထားရဦးမယ်” ဟု ဦးလှထွန်းက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာ ၅ ရွာမှ နေအိမ်ရာနှင့်ချီပြီး ပျက်စီးဆုံးရှုံးခဲ့ကာ ဘာသာရေး အဆောက်အအုံများလည်း ထိခိုက် ပျက်စီးခဲ့သည်။
မေလ ၁၄ ရက်နှင့် ၁၅ ရက်က ရွာသောမိုးကြောင့်လည်း မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုများ ရင်ဆိုင်ခဲ့ရသည်။