သတင်း

မဘသ အဖွဲ့ဖျက်သိမ်းရန် မဟနအဖွဲ့ ညွန်ကြား

Want create site? Find Free WordPress Themes and plugins.

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) သည် တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်၍ နိုင်ငံအဝှမ်းရှိ ဆိုင်းဘုတ်များ ဖျက်သိမ်းပြီး မဘသ ဟူသည့် အမည် အသုံးမပြုရန် နိုင်ငံတော သံဃမဟာနာယက(မဟန) အဖွဲ့မှ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ယနေ့ပြုလုပ်သည့် တတိယအကြိမ် ၄၇ ပါးစုံညီအစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

နိုင်ငံ အဝှမ်းရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းရန် ညွှန်ကြား ထားသည့် မဟန၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာရန်၊ မဘသ အမည်ကိုလည်း အသုံးမပြုရန် စသည့် အချက်များကို မဘသ အဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ တိလောကဘိဝံသ နှင့် ဒုတိယဥက္ကဌဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ တို့က ယနေ့ အစည်းအဝေးတွင် ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း မဟနအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တ သေဋိလ က မိန့်ကြားသည်။

ဆရာတော် ဘဒ္ဒန္တသေဋိလ က “ဒီနေ့ မဘသနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီ၊ ဥက္ကဋ္ဌ ဆရာတော် လည်း ခံဝန် ထိုးသွားတယ်၊ နက်ဖြန်လည်း သတင်းစာတွေကနေ တရားဝင်ကြေညာမယ်” ဟု ဧရာဝတီကို မိန့်ကြား သည်။

မဟန၏ ဆုံးဖြတ်ချက်တွင် မဘသ အမည်ကိုသုံးစွဲခြင်းမသုံးစွဲရန်၊ တနိုင်ငံလုံးရှိ မဘသ အဖွဲ့ဆိုင်းပုဒ်များကို လည်း ၂၀၁၇ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့နောက်ဆုံးထားကာ ဖျက်သိမ်းရန်တို့ဖြစ်သည်။

ယင်းသို့ဆုံးဖြတ်သည့်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါကလည်း ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့ အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲ ဥပဒေများဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူရန်လည်း ညွန်ကြားထားသည်။

မဟန၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မဘသဗဟိုမှ ညီလာခံကျင်းပရန် သတ်မှတ်ထားသည့် မေလ ၂၇၊ ၂၈ ရက်နေ့တွင် တနိုင်ငံလုံးရှိ မဘသအဖွဲ့ဝင်များကို ပြန်လည်ရှင်းလင်းမိန့်ကြားမည်ဖြစ်ကြောင်း ဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသကလက်မှတ်ရေးထိုးကာ ယနေ့ညနေတွင် သတင်း ထုတ်ပြန်လိုက်သည်။

မဘသအဖွဲ့ဝင်ဆရာတော် ဦးပညိန္ဒက “မဟနရဲ့ သဘောကတော့ ဖျက်သိမ်းခိုင်းတာနဲ့ အတူတူပဲပေါ့၊ ဆရာတော်ကြီးကလည်း ဒါက တနိုင်ငံလုံးက မဘသအဖွဲ့ဝင်တွေကကို ဘာလို့ဒီလိုဆုံးဖြတ်ရလဲဆိုတာ ပြန်ရှင်းပြမှာပါ” ဟု မိန့်ကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် အဖွဲ့တခု ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading