ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံတန်းကို တပ်မတော်မှ ငှားရမ်းလုပ်ကိုင်သည့် ကာလ ပြည့်မြောက်တော့မည် ဖြစ်သောကြောင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ ဝါးတရာသို့ ရွေ့ပြောင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဘုရင့်နောင်ပွဲရုံတန်းကို တပ်မတော်က ပြန်တောင်းနေပါပြီ။ ဌားရမ်းထားတာလည်း ကာလပြည့်တော့မှာဆိုတော့ ပြန်ပေးရမှာဖြစ်တဲ့အတွက် ကြိုပြောထားတာပါ။ ဝါးတရာကို ဘုရင့်နောင်ပွဲရုံ ပြောင်းရွှေ့ဖို့ကိစ္စကို ဘုရင့်နောင်ပွဲရုံတန်းက လူတွေအားလုံးလည်း သဘောတူပြီးသား ဖြစ်တယ်။ ဝါးတရာမှာရှိတဲ့ စီးပွားရေးလုပ်ရှင်တွေကိုလည်း ဆွေးနွေးထားတယ်။ ၉၀ ရာခိုင်နှုန်းကျော်လောက်က သဘောတူထားပြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းရအုန်းမယ်။ အဲဒါပြီးမှ ပြောင်းရွေ့လို့ရမှာ ဖြစ်တယ်’’ ဟု ပြောသည်။
မေလ ၂၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ (UMFCCI) ပြုလုပ်သည့် ဆဌမအကြိမ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဘုရင့်နောင်ကုန်စည်ဒိုင် မြေနေရာကို ၁၉၉၁- ၁၉၉၂ ဝန်းကျင်က တပ်မတော်မှ ဌားရမ်းလုပ်ကိုင်ခဲ့ပြီး ယခုနှစ်အတွင်း ၂၅ နှစ်ပြည့်ပြီ ဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ရောင်းဝယ်လုပ်ကိုင်တချို့က ပြောသည်။
ရွေပြည်သာမြို့နယ် ဝါးတရာရှိ ကုန်စည်ဒိုင်ဆောက်လုပ်မည့် မြေနေရာအတွက် လယ်ယာမြေပိုင်ရှင်များကို လျော်ကြေးပေးရန် (သို့) အခြားနေရာတနေရာတရှိ လယ်ယာမြေများကို အစားပြန်လည် ပေးအပ်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး ညိုနိူင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
“လယ်သမားတွေကို လယ်ပြန်ပေးမယ်။ မြေပိုင်ရှင်ကို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် လျော်ကြေး ၂၀ ရာခိုင်နူန်းပေးမှာ ဖြစ်တယ်။ ဒါတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြသွားမယ်။ ပြီးတော့ ဘုရင့်နောင် ပွဲရုံတန်းရွှေ့ဖို့ကို နိုင်ငံတော်အစိုးရ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ သိပြီးမှ လုပ်လို့ရမှာ ဖြစ်တယ်။ သက်ဆိုင်ရာမွေးမြူရေးနဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးစတဲ့ ဝန်ကြီးဌာနများကိုလည်း တင်ပြဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်’’ ဟု ၎င်းက ဆိုသည်။
ထို့အပြင် စီပွားရေးဖွံ့ဖြိုးစေရန် ရယ်ရွယ်ပြီး ဝါးတရာမှ လှိုင်သာယာဘက်သို့ ဆက်သွယ်ကူးသန်း သွားလာနိုင်မည့် မြစ်ကူးတံတားတစင်း ထပ်မံဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင် ရွှေ့ပြောင်းမည့် အစီအစဉ်နှင့် ပတ်သက်ပြီးဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဌသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ထိုအစီအစဉ်ကို သိရှိရခြင်း မရှိသေးကြောင်း ပြန်လည်ပြောဆိုသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ငါးပိငါးခြောက်ပွဲရုံများ၊ ဆန်ပွဲရုံများ၊ ပဲပွဲရုံများ၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် စားသောက်ကုန်ခြောက် အရောင်းဆိုင်များကို အဓိက ရောင်းချလျက်ရှိသည်။
ဘုရင်နောင်ကုန်စည်ဒိုင် ရွှေ့ပြောင်းမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဝါးတရာ ဒေသခံဖြစ်သူ လယ်သမားဦးမင်းမင်းက “ ဝါးတရာစက်မှုဇုန်အတွက် သိမ်းခံရတော့ လယ်ယာမြေလျော်ကြေး ၁ ဧကကို ကျပ်သိန်းသုံးရာနဲ့ လေးရာလောက် ပျမ်းမျှ ရကြတယ်။ အခုကုန်စည်ဒိုင် ပြောင်းမယ်ဆိုရင်တော့ ဘယ်လိုလုပ်ပေးမလဲမသိဘူး။ လျော်ကြေးထက် လယ်အစား ပြန်ပေးမယ်ဆိုရင် ပိုကောင်းတယ်’’ ဟု ပြောသည်။
ယခုအစိုးရသစ် လက်ထက်အတွင်း အကောင်ထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် မြို့တွင်းမြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများ၊ တောင်ပိုင်းခရိုင် စီမံကိန်းများအပြင် ဝါးတရာတံတားစီမံကိန်းလည်း တခုအပါအဝင်ဖြစ်ကြောင်း သိရသည်။