သတင်း

ရေးမြို့နယ် ပင်လယ်ပြင် ထောက်ပံ့ရေး စခန်း စီမံကိန်း ဒေသခံများ လက်မခံ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် မုတ္တမ ကမ်းလွန်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေး စခန်းများအား အထောက်အပံ့ ပေးနိုင် ရန် အတွက် ရေးမြို့နယ် အတွင်းရှိ အံဒင် ကျေးရွာသစ် ၊ ငါးဖမ်းစခန်း ကျေးရွာ၌ ပင်လယ်ပြင် ထောက်ပံ့ရေး စခန်း (Off Shore Supply Base) တခု ဆောက်လုပ်ရန် စီစဉ်နေခြင်းကို ဒေသခံများက လက်မခံကြောင်း ပြောသည်။

လက်ရှိ အချိန်အထိ Toyo – Thai ကုမ္ပဏီက ဆောက်လုပ်ရန် အဆိုပြုထားသော ကျောက်မီးသွေး စီမံကိန်း ကန့်ကွက် ထားမှုနှင့်ပတ်သက်ပြီး ရပ်မည် မရပ်မည် မပြီးပြတ် သေးသည့် ကာလ၌ အခြားစီမံကိန်းများကို လက်မခံနိုင်ဟုလည်း ပြောဆိုကြသည်။

“ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ဖာလိန် ဒေသတခုလုံး ရွာပေါင်း ၉ ရွာက လူတွေ စုပြီးတော့ အစည်းအဝေး တခု လုပ်ထား တယ်၊ အဲဒီမှာ ဆုံးဖြတ်ချက် တခု ချထားတာက ကျောက်မီးသွေး စီမံကိန်းကလည်း ရပ်မယ်၊ မရပ်ဘူး ပြတ်ပြတ် သားသား မဖြစ်သေးတဲ့ အချိန်မှာ အခြား စီမံကိန်းတွေ ဘာမှ လာရောက် လုပ်ကိုင်တာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူး ဆိုပြီး ဆုံးဖြတ် ထားတယ်”ဟု အံဒင် ကျေးရွာ အနီးတွင် Toyo – Thai ကုမ္ပဏီက ဆောက်လုပ်ရန် လျာထားသော ကျောက်မီးသွေး စီမံကိန်း ကို ကန့်ကွက်နေသည့် မနီမာဦးက ဧရာဝတီကို ပြောသည်။

ထို ပင်လယ်ပြင် ထောက်ပံ့ရေး စခန်း ဆောက်လုပ်ရန်အတွက် Forever Thanlwin ကုမ္ပဏီ လီမိတက်က လျာထားခြင်း ဖြစ်ပြီး အံဒင် ကျေးရွာသစ် ၊ ငါးဖမ်းစခန်း ကျေးရွာရှိ မြေဧက ၆၈ . ၁၁ ဧကနှင့် ပင်လယ်ပြင်ထဲသို့ ထိုးထွက် သွားသည့် သင်္ဘောဆိပ်ခံ တံတားများ၊ ရဟတ်ယာဉ် ကွင်းများ၊ ထောက်ပို့ရေးစခန်း ၊ သိုလှောင်ရေး စခန်းများအား ဆောက်လုပ် သွား ရန် အဆိုပြု တင်ပြထားကြောင်း စီမံကိန်း လျာထားချက် မှတ်တမ်းများအရ သိရသည်။

ထိုစီမံကိန်း တခုလုံး၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော်အသုံးပြု ဆောက်လုပ်သွားရန် ကနဦး လျာထားသော်လည်း ဒေသခံများလက်မခံ နိုင်သေးသည့် အပေါ် သဘောထား ဆန္ဒများ ရယူနိုင်ရန် အတွက် ဆက်လက် ကြိုးပမ်းနေကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဇော်မင်းအောင်က ဧရာဝတီသို့ ပြောသည်။

“လတ်တလော ခန့်မှန်းထားတဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ အကြမ်းဖျင်း တွက်ထားတာတော့၊ အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော်ကျော်လောက် ရှိပါမယ်ဗျ၊ ဒေသခံနဲ့ ပြေလည်ပြီးတဲ့ အခါမျိုးမှာတော့ မြေပြင် ကွင်းဆင်းမှုတွေ လုပ်ပြီးရင် တိတိကျကျကို လျာလို့ ရတာပေါ့နော်၊ အနီးစပ်ဆုံး ကျနော်တို့ ဆောင်ရွက်ရမယ့် ဒီဇိုင်းတွေ ဖော်နိုင်မှာပေါ့”ဟု ဦးဇော်မင်းအောင်က ရှင်းပြသည်။

ထို ပင်လယ်ပြင် ထောက်ပံ့ရေး စခန်း စီမံကိန်း အကြောင်း ဒေသခံများအား ရှင်းလင်းတင်ပြရန် အတွက် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် လူထု တွေ့ဆုံရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် အတွက် ကုမ္ပဏီက ပြင်ဆင် အကောင်အထည် ဖော်ခဲ့သော် လည်း ဒေသခံများက လက်မခံသဖြင့် ရှင်းလင်းပွဲအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ ကုမ္ပဏီက မိမိတို့အား အတန်အသင့် ရှင်းပြ ပြောဆိုထားပြီး ဖြစ်ကာ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် လူထု ရှင်းလင်းပွဲသို့ တက်ရောက်ရန် ဖိတ်ကြား ခံခဲ့ရသော်လည်း မတက်ရောက် ဖြစ်ခဲ့ကြောင်း ရေးမဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်းက ဧရာဝတီသို့ ပြောသည်။

ဒေသခံများကမူ ဤစီမံကိန်းသည် Toyo – Thai ကုမ္ပဏီက ဆောက်လုပ်ရန် အဆိုပြုထားသည့် ကျောက်မီးသွေး စက်ရုံ စီမံကိန်း၏ ရှေ့ပြေး အစီအစဉ်တခု ဖြစ်နိုင်သည်ဟု ယူဆ၍ လက်မခံဘဲ ကန့်ကွက်နေခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

အံဒင်ကျောင်း ဆရာတော် အရှင် နန္ဒက “ဦးပဉ္ဖင်းတို့ ထိုင်းကို သွားရောက် လေ့လာထားချက် အရကတော့ ကျောက်မီး သွေး စီမံကိန်း ရှိတဲ့နေရာတိုင်းမှာ သင်္ဘောဆိပ်တွေ ရှိတယ်၊ သင်္ဘောဆိပ် ရှိမှ ကျောက်မီးသွေး တင်ပို့လို့ အဆင်ပြေ တယ်၊ ဒါကြောင့် ဒီသင်္ဘောဆိပ် ဆောက်ပြီးရင် ကျောက်မီးသွေး စီမံကိန်းကို ဆက်ဆောက်မှာလား ဆိုပြီးတော့ ဒီရွာသား တွေ အပါအဝင် ဦးပဉ္ဖင်းတို့က စိုးရိမ်နေတာ ၊ အဓိက ကတော့ ဒီအချက်ပါပဲ”ဟု မိန့်ဆိုသည်။

ကုမ္ပဏီဘက်ကမူ ဤဆောက်လုပ်ရန် လျာထားသည့် ပင်လယ်ပြင် ထောက်ပံ့ရေး စခန်းနှင့် Toyo – Thai ကုမ္ပဏီ၏ ကျောက်မီးသွေး စီမံကိန်းသည် မည်သို့မျှ ဆက်နွယ်မှု မရှိကြောင်း ဦးဇော်မင်းအောင်က ပြောသည်။

မိမိတို့ Forever Thanlwin ကုမ္ပဏီ လီမိတက်သည် ၂၀၁၂ ကတည်းက နတလ စီမံကိန်းများနှင့် လမ်းဖောက်ခြင်း လုပ်ငန်း များကို လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း ရေးမြို့ အဏ္ဏဝါ ရပ်ကွက်တွင် အိမ်ရာ စီမံကိန်းများ ဆောက်လုပ်နေ ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထို့အပြင် စီမံကိန်း မြေဧရိယာသည် မိမိပိုင်ဆိုင်သည့် မြေဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၂ ခု ၌ ထိုမြေပေါ်တွင် ကျောက်မိုင်း လုပ်ငန်း လုပ်ကိုင်ရန် ကြိုးစားခဲ့ဖူးသော်လည်း ဒေသခံများက သဘာဝပတ်ဝန်းကျင် ပျက်စီးမည့် လုပ်ငန်းများအား လက် မခံသဖြင့် ရပ်နားခဲ့ပြီး ၂၀၁၃ ခုနှစ်၌ MOGE မှ Off Shore Supply Base များအား ပုဂ္ဂလိက ကဏ္ဍများကို လုပ်ကိုင်ခွင့် ပြုသည့် အခါ၌ စီမံကိန်းစတင်ရန် စီမံချက်များ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်မင်းအောင်က ရှင်းပြသည်။

ဤလျာထားသည့် ပင်လယ်ပြင် ထောက်ပံ့ရေး စခန်း Off Shore Supply Base စီမံကိန်း အကောင်အထည် ပေါ်ခဲ့ပါက မုတ္တမကမ်းလွန်ရှိ ရဲတံခွန်နှင့် ဇောတိက ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး စခန်းနှင့် စမ်းသပ် တူးဖော်ရေး စခန်း များအတွက် လိုအပ်သည့် အစာရေစာ၊ စက်ပစ္စည်း ၊ နည်းပညာနှင့် အရေးပေါ် ကူညီ ကယ်ဆယ်ရေးများ ထောက်ပံ့နိုင်ရန် အတွက် လျာထားကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading