သတင်း

ပေါ်ပင် အများကြိုက်နည်းဖြင့် ငြိမ်းချမ်းရေးလုပ်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Want create site? Find Free WordPress Themes and plugins.

ပေါ်ပင် အများကြိုက်နည်းများ ရှာ၍ ဖိအားပေးခြင်း၊ နိုင်ငံရေးအရ အကျပ်ကိုင်ခြင်း နည်းလမ်းများဖြင့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်မည် မဟုတ်ဘဲ အားလုံးနှင့် ဆွေးနွေးညှိနှိုင်းပြီး အများလက်ခံနိုင်သည့် သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ နေပြည်တော် MICC – 2 တွင် ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ အစည်း အဝေးတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပေါ်ပင် အများကြိုက်မယ့် နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျမတို့ လုပ်မှာ မဟုတ်ဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေ ရရှိအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သဘောထား ကွဲလွဲမှုများတွင် ဘုံသဘောတူညီချက် ထွက်ပေါ်လာစေရန် ညှိနှိုင်းဆွေးနွေးသည့် ယဉ်ကျေးမှုသည် ပျော့ညံခြင်း၊ အလျော့ပေးခြင်း မဟုတ်ကြောင်း၊ မည်သူနှင့်မဆို စေ့စပ်ညှိနှိုင်း ဆွေးနွေးရန်လည် စိုးရိမ်စရာ မလိုကြောင်း၊ ကွဲပြားမှုများ အပေါ် ကြီးမား လာစေနိုင်သည့် ပြဿနာများကို အာရုံမစိုက်ဘဲ အချင်းချင်း ပေါင်းစည်းမှုဖြင့် ပိုမိုခိုင်မာလာနိုင်သည့် အဆိုပြုချက်များကို ရှာဖွေ ဖော်ထုတ်ကြရမည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “အဝေးကနေ စကားလုံးတွေ ပြောကြားချက်တွေကို နားထောင် အနက်ကောက်ပြီး သုံးသပ်နေတာထက် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းကြတာက တူညီတဲ့သဘောထားတွေကို ဖော်ထုတ်စေနိုင်မှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

ယခု ညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံ မူများကို ဖော်ထုတ်နိုင်ရန် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများက အချိန်ပေး၍ စိတ်ရှည် လက်ရှည် ညှိနှိုင်းခဲ့ရကြောင်း၊ နောက်ဆုံးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အခြေခံမူ ၄၁ ချက်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

“ရှေ့ကို ဆက်ပြီး ခရီးရှည်ကြီးတခုကို ကျမတို့အားလုံး အတူတကွ လက်ချင်းယှက်ပြီး လျှောက်လှမ်းကြရဦးမှာပါ။ စည်းလုံးမှု၊ မျှဝေ နားလည်မှု၊ ညီညွှတ်မှုနဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ဒီခရီးရှည်ကြီးမှာ ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှာနိုင်ဖို့ ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)သည် အပစ်ရပ် လုပ်ငန်းစဉ် ခိုင်မာရေး၊ နိုင်ငံရေး ဆွေးနွေးမှု အာမခံချက် ရရှိရေးနှင့် လက်ခံနိုင်စရာ ကောင်းသည့် အဆင့်တခုဟု ဆိုနိုင်ကြောင်း၊ NCA သည် လမ်းဆုံး မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲတံခါးကို ဖွင့်နိုင်သည့် စာချုပ်တခု ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

NCA ဖြစ်မြောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် နည်းလမ်းသည် ဖက်ဒရယ်စနစ် ဖြစ်သည်ကို အားလုံးက လက်ခံထားကြပြီ ဖြစ်၍ “ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးသည် မြန်မာနိုင်ငံ၏ ပန်းတိုင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၎င်းက “ငြိမ်းချမ်းရေးအတွက် ကျမတို့ ပေးဆပ်ရတဲ့ စွမ်းအားတွေ၊ ယုံကြည်မှုတွေ အလေးအမြတ် ထားရှိမှုတွေက ဒီနိုင်ငံ၊ ဒီပြည်ထောင်စုနဲ့ ကျမတို့ရဲ့ တိုင်းရင်းသား ပြည်သူတွေကို အလင်းရောင် ပေးစွမ်းနိုင်ပါလိမ့်မယ်”ဟု ယနေ့ ညီလာခံတွင် ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading