လာမည့်နှစ်များ အတွင်း မြန်မာနိုင်ငံ အလျင်အမြန် တိုးတက်လာသောအခါ နယ်စပ်နှင့် ပဋိပက္ခဒေသများတွင် နေထိုင်ကြရသည့် ကလေးငယ် ၂ ဒသမ ၂ သန်းသည် ဖွံ့ဖြိုးမှု နောက်ကျ ကျန်နေခဲ့နိုင်သည် ဟု ကုလသမဂ္ဂ က အင်္ဂါနေ့က သတိပေးလိုက်သည်။
ထို ကလေးငယ်များ ပိုမိုတောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်ရေး အတွက် လူသားချင်း စာနာမှု အကူအညီ ပိုမို ခွင့်ပြုပေးရန်လည်း ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာရန်ပုံငွေအဖွဲ့ UNICEF က တောင်းဆိုလိုက်သည်။
မြန်မာ စစ်အစိုးရသည် ရာစုနှစ်ဝက် ကြာမျှ ဖိနှိပ် အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အမည်ခံ အရပ်သားအစိုးရသို့ အာဏာလွှဲပေးခဲ့ကာ အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံတခုတွင် ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုလိုက်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အတွက် တံခါးဖွင့်ပေးလိုက်သည်။
ထိုအချိန်မှ စပြီး အစိုးရက ဆောင်ရွက်ခဲ့သော လူမှုရေးနှင့် စီးပွားရေး အစီအစဉ်များသည် ကျန်းမာရေး၊ ပညာရေးနှင့် ကလေးသူငယ်များကို အကာအကွယ် ပေးရေးတို့တွင် တိုးတက်စေခဲ့သော်လည်း နိုင်ငံ၏ ဝေးကွာသော နယ်စပ် ဒေသများမှ ကလေးငယ်များမှာမူ အကျိုးကျေးဇူး ခံစားရခြင်း မရှိသေးဟု UNICEF က ပြောသည်။
“မြန်မာနိုင်ငံဟာ မြို့ပြသာမက ကျန်ဒေသတွေက ကလေးတွေပါ နိုင်ငံရဲ့ လျင်မြန်တဲ့ တိုးတက်မှုကနေ အကျိုး ခံစားရအောင် လုပ်ပေးဖို့အတွက် တကယ့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု UNICEF ၏ ဒုတိယအမှုဆောင် ဒါရိုက်တာ ဂျပ်စတင်ဖော့ဆိုက် (Justin Forsyth) က ပြောသည်။
“ကလေးတွေ၊ မိသားစုတွေ အများအပြားဟာ အကျိုးကျေးဇူး မခံစားနိုင်မယ့် အန္တရာယ်ရှိနေတယ်။ အထူးသဖြင့် ဝေးကွာတဲ့ နယ်စပ်ဒေသတွေ၊ ပဋိပက္ခနဲ့ တင်းမာမှုအခြေအနေတွေမှာ ပိတ်မိနေတဲ့ ကလေးတွေပေါ့” ဟု ၎င်းက ဆက်ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံတကာ သတင်းခေါင်းစဉ်များတွင် ပါဝင်နေသာ ရခိုင်ပြည်နယ်မှ ကလေးများအတွက် သာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များမှ ကလေးများ အတွက်ပါ လူသားချင်း စာနာမှု အကူအညီများ ပိုမို ဖွင့်ပေးရန် UNICEF က အစိုးရကို တိုက်တွန်းလိုက်သည်။
ကာကွယ်ဆေးထိုးရန် ရန်ပုံငွေ ပိုမိုချထားပေးခြင်းနှင့် ယခုနှစ် နှောင်းပိုင်းတွင် လွှတ်တော်တင်မည် ဟု မျှော်လင့်ရသည့် ကလေးသူငယ်များအား အကြမ်းဖက်မှုမှ အကာအကွယ်ပေးရေး ဥပဒေမူကြမ်းကဲ့သို့သော နိုင်ငံ၏ တိုးတက်မှုများကို UNICEF က အသိအမှတ်ပြုသည်။
သို့သော် မွေးကင်းစအချိန် ရောဂါများနှင့် ကူးစက်ရောဂါများကြောင့် မြန်မာနိုင်ငံတွင် ၅ နှစ်အောက်ကလေး နေ့စဉ် ၁၅၀ သေဆုံးနေရသည် ဟု UNICEF က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားပြောဆိုသည်။
၃၀ ရာခိုင်နှုန်းခန့်မှာ အလွန်အမင်းနှင့် အလယ်အလတ် အာဟာရချို့တဲ့မှုကို ခံစားနေရပြီး ထက်ဝက်နီးပါးမှာ ဆင်းရဲ နွမ်းပါးမှုမျဉ်း အောက်တွင် နေထိုင်နေကြရသည်။
အစိုးရအနေဖြင့် ယခု ဒုတိယအကြိမ် ကျင်းပသည့် ငြိမ်းချမ်းရေး ညီလာခံသည် နိုင်ငံလူဦးရေ ၅၃ သန်း၏ ၃ ပုံ ၁ ပုံဖြစ်သော ကလေးများကို ပိုမို အကာအကွယ်ပေးရေး ကတိကဝတ် ပြုရန် အခွင့်အလမ်း ဖြစ်သင့်သည် ဟု UNICEF က ဖော်ပြသည်။
(ကိုးကား။ ။ Thomson Reuters Foundation’s Myanmar children in conflict-hit areas risk getting left behind – UN)