ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတွင် တင်သွင်းခဲ့သည့် စာတမ်း ၇၂ စောင်ကို လေ့လာ ကြည့်ရာ၌ တချို့တိုင်းရင်းသား အဖွဲ့များသည် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည့် ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန် အကျွံ တောင်းဆိုမှုများ ဖြစ်နေသည်ကို သတိပြုမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ အဖွင့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဆောင်ရွက်ချက်မျိုးသည် ဒီမိုကရေစီ အရေးနှင့် ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိနေသည့် တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဆန့်ကျင်နေသည်ဟုလည်း ၎င်းက ပြောသည်။
“တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတဲ့ အဖွဲ့အစည်း ဖြစ်တာနဲ့အညီ နိုင်ငံတော် နဲ့ ပြည်သူ့ အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် မိမိတို့ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
တပ်မတော် အနေဖြင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်တို့အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာရှိရှိ တာဝန် သိသိဖြင့် ငြိမ်ချမ်းရေး တည်ဆောက်မှု လုပ်ငန်း စဉ်များတွင် တက်ကြွစွာ ပါဝင်မည်ဟုလည်း ၎င်းက ပြောသည်။
NCA လမ်းကြောင်းမှ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်၊ အခွင့်အရေးများ၊ အမခံချက်များ အပြည့်အဝ ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့် အညီ သဘောတူညီပြီး ဖြစ်သော်လည်း တချို့အဖွဲ့များသည် ယခုလမ်းကြောင်းကို လျစ်လျူရှုနေကြောင်းလည်း ပြောသည်။
“ဒါကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယ လမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲနေခြင်း ဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု စနစ် တည်ဆောက်ရေးကို မလိုလားခြင်း သာ ဖြစ်ပါတယ်”ဟု တပ်ချုပ်က ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ဆွေးနွေးညှိနှိုင်း အဖြေရှာရေး လမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်ရေး လမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေး လမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက် ရေး လမ်းစဉ်တို့ကိုသာ ဦးတည်နေကြောင်း ယူဆရမှာ ဖြစ်ပါတယ်”ဟုလည်း ပြောသည်။
မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းကလည်း မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ် ယနေ့အခြေအနေသို့ ရောက်ရှိလာသည်မှာ NCA ကို အုပ်မြစ်ချခဲ့သည့် ယခင် အစိုးရ၊ ယင်း လမ်းစဉ်ကို အကောင်အထည်ဖော်သည့် ယခု အစိုးရ နှင့် လိုက်ပါ ဆောင်ရွက်နေသည့် တပ်မတော်တို့ကို ကျေးဇူး တင်ရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“လောလောဆယ်မှာ ဒီ NCA လမ်းကြောင်းပဲ ရှိတယ်။ ဒီလမ်းကြောင်းက ဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးအတွက်ရော ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက်ရော ဒီလမ်းကြောင်းက ဖြစ်နိုင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
ပထမအကြိမ် ငြိမ်းချမ်းရေး ညီလာခံမှ တိုင်းရင်းသားများ၏ သဘောထားများကို လေ့လာကြည့်ရာ နိုင်ငံတော် အမည် ပြောင်းလဲရေး အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် အလှည့်ကျ ဆောင်ရွက်ခွင့်၊ ပြည်နယ်သစ် တောင်းဆို မှုများ၊ ခွဲထွက်ခွင့်ပါသော ကိုယ်ပိုင် ပြဌာန်းခွင့် စသည့် စည်းလုံးညီညွှတ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် တောင်းဆိုမှုများကို တွေ့ရကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဌ ဦးသန်းဌေးက ပြောဆိုသည်။
ဦးသန်းဌေးကို ယနေ့ ကျင်းပသည့် ၂၁ ပင်လုံ အခမ်းအနားတွင် နိုင်ငံရေး ပါတီများ ကိုယ်စား ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောဆိုခွင့်ပေးခဲ့သည်။
“NCA စာချုပ်ပါ ဒို့တာဝန် အရေး ၃ ပါးကို ရှေးရှုသော ဆွေးနွေးမှုများအစား ထိခိုက်ပျက်ပြယ်စေသော ဆွေးနွေးမှုများ ပေါ်ပေါက် လာတဲ့အတွက် ကြားရမြင်ရတဲ့ ပြည်သူလူထု တရပ်လုံးဟာ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု နောင်ရေး အတွက် ရတက်မအေး ဖြစ်ခဲ့ရပါတယ်”ဟုလည်း ဦးသန်းဌေးက ပြောသည်။
ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) က ခွင့်ပြုထားသည့် ဖက်ဒရယ် စနစ် အခြေခံ မူ များတွင် တိုင်းနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင်လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်ရန် လိုကြောင်း၊ ကွဲလွဲခွင့် မရှိကြောင်းလည်း ဆိုသည်။
“ကွဲလွဲခွင့်၊ ကျော်လွန်ခွင့် မရှိပါ။ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်ခြင်း မရှိစေရပါဘူး”ဟု ဦးသန်းဌေး က ပြောဆိုသည်။
ညီလာခံအတွင်း အဖွင့်ပြောဆိုမှုများနှင့် တပ်မတော်၏ သဘောထားနှင့် အတိုက်အခံ USDP ပါတီတို့၏ သဘောထားမှာ ထပ်တူကျနေသည်ကို တွေ့မြင်ရပါသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုးကလည်း NCA ရလဒ်များသည် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့သည် မည်သူမျှ မရှုံးသည့် (Win – Win) အခြေအနေကို ဖန်တီး ဖြစ်ပေါ်စေကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။