ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကို ကြိုဆိုသည့်အနေဖြင့် နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦးအား နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်လည်း ပါဝင်ကြောင်း သိရသည်။
သမ္မတဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများ စာရင်းတွင် ကြက်ဖကြီး(ခ) ကိုလှဘုန်း၊ မပွင့်ဖြူလတ်၊ မောင်ဇော်ဇော်လတ်၊ ကိုခိုင်မင်း၊ မစိမ်းလတ်တင် တို့အပါအဝင် စစ်ကိုင်းပညာရေးကောလိပ်ကို ဆန္ဒပြမှုကြောင့် အကျဉ်းကျခံနေရသည့် ကျောင်းသားများလည်း ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ စာရင်းများအရ သိရသည်။
AAPP မှ ကိုဘိုကြည်က “လောလောဆယ် နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀ ကျော် လွတ်မြောက်လာပါပြီ။ အသေးစိတ်စာရင်းတော့ မသိရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လွတ်မြောက်နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ရက္ခိုင့်တပ်မတော် (AA) မှ အများဆုံးပါဝင်သည်ဟု သိရသည်။ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်လည်း တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာသည်။ လယ်သမားများ၊ အလုပ်သမား အရေး လှုပ်ရှားသူများ၊ တက်ကြွလှုပ်ရှားသူကျောင်းသားများ ပါဝင်သည်ဟု သိရသည်။
မော်လမြိုင် အကျဉ်းထောင်မှ ထိုင်းလူမျိုး ၁ ဦး၊ ကလေးမြို့အကျဉ်းထောင်မှ အိန္ဒိယနိုင်ငံသား ၁၂ ဦးနှင့် တရုတ် လူမျိုး ၁ ဦး၊ စစ်တွေအကျဉ်းထောင်မှ ပုဒ် ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားသူများလည်း လွတ်မြောက်စာရင်းတွင် ပါဝင်လာသည်။
ထို့ပြင် အင်းစိန်ထောင်မှ ကြက်ဖကြီး(ခ) ကိုလှဖုန်းနှင့် တရုတ်လူမျိုး ၁ ဦး၊ မန္တလေးမြို့ အိုးဘိုထောင်တွင် နိုင်ငံရေး အကျဉ်းသားအပါအဝင် အကျဉ်းသား ၄၆ ဦး၊ ရခိုင်ပြည်နယ်ှရှိ အကျဉ်းထောင်များမှ နိုင်ငံသား အကျဉ်းသာ ၆၂ ဦးနှင့် နိုင်ငံခြားသား ၃၂ ဦး မေလ ၂၄ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြောင်း သိရသည်။