ဆန္ဒပြပွဲများတွင် ပါဝင်ကြသူများကို ငွေကြေးပေး ခေါ်ဆောင်မှုရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် နောက်ကွယ်မှ ငွေကြေးထောက်ပံ့မှုများကို ဘဏ်များမှတဆင့် စုံစမ်းနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
သူရဦးအောင်ကိုက “နေပြည်တော်မှာ လူသောင်းနဲ့ချီပြီး ဆန္ဒထုတ်ဖော်မယ်ဆို ငွေသန်းထောင်ချီ သုံးရမယ်၊ ဒီငွေတွေ ဘယ်ကရလဲ၊ ဗဟိုဘဏ်ကို ထပ်မေးတယ်။ ဗဟိုဘဏ်က ဟိုတုန်းကလည်း ဝတ္တရားကျေ ပြန်ခဲ့တာ။ အခုလည်း ထပ်ပြီးတော့ ဒီစာရင်း ပြန်ပေးပါဦးဆိုပြီး တောင်းခဲ့တာ၊ အခုဆိုရင် ရက်သတ္တပတ်သုံးပတ်ခန့် ရှိပြီ။ ယနေ့အထိ ပြန်မလာသေးဘူး။ ဗဟိုဘဏ်က ကျနော်တို့ဌာနအချင်းချင်း ပေါင်းစည်းညီညွတ်ခြင်း တောင်းခံတဲ့အခါမှာ ကတိကဝတ် ပြန်မလာပါဘူးဆိုပြီး နိုင်ငံတော်သမ္မတရုံးကို စာတင်ထားတယ်” ဟု ပြောသည်။
ဆန္ဒပြပွဲကို နောက်ကွယ်မှ ထောက်ပံ့မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် ပုဂ္ဂလိကဘဏ်နှင့် ဗဟိုဘဏ်တို့က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အတွက် အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ၊ အတည်မပြု နိုင်သေးသည့် သတင်းများအရ ဘာသာရေးအဖွဲ့အစည်းများ ထိုသို့လှုပ်ရှားနိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သန်း ၅ ထောင် ခန့်ရှိကြောင်း သူရဦးအောင်ကိုက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်က နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်ရှိ ရွှေနံ့သာဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည့် သာသနာရေး ဝန်ကြီးသူရဦးအောင်ကိုအား ဆန္ဒပြသည့်ပွဲတွင် ပါဝင်သူများကို တဦးလျှင် ငွေကျပ် ၇,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးခဲ့ကြောင်းနှင့် ဆန္ဒပြပွဲစီစဉ်ရန် ငွေကျပ် သန်း ၈၀၀ ခန့် သုံးစွဲခဲ့သည်ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ထိုသို့တွေ့ရှိက အသိပေးပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆန္ဒထုတ်ဖော်ပွဲအတွက် မန္တလေးနှင့် ပြင်ဦးလွင်မှ နေပြည်တော်သို့ လာရောက်ရန် ခရီးစရိတ် ကျပ်ငွေ ၂.၈ သန်း သုံးစွဲခဲ့ကြောင်းနှင့် ၎င်းငွေများမှာ စေတနာရှင်များ၏ အလှူငွေနှင့် အမျိုးသားရေးဝါဒီများထံက ကောက်ခံရရှိငွေများ ဖြစ်ကြောင်း ထိုဆန္ဒပြပွဲကို ဦးဆောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် မန္တလေးမြို့ အမျိုးသားရေး ဗုဒ္ဓဘာသာ သံဃာများအဖွဲ့မှ ဦးစန္ဒာသီရိက ပြောသည်။
ဦးစန္ဒာသီရိက “တခြားနေရာဒေသတွေ အကြောင်းတော့ ဦးပဉ္ဖင်းလည်း မသိဘူး။ ဒါပေမယ့် ဦးပဉ္ဖင်းတာဝန်ယူတဲ့ နေရာမှာ ဆန္ဒပြသူတွေကို ဘာမှမပေးရဘူး” ဟု ဝန်ကြီးဌာန၏ စွပ်စွဲချက်များအပေါ် ငြင်းဆိုခဲ့သည်။
ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၀ အရ ဆန္ဒပြပွဲများတွင် ပါဝင်ရန် အခကြေးငွေပေးခြင်း၊ လာဘ်ထိုးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို တားမြစ်ထားပြီး၊ ချိုးဖောက်သူများကို အများဆုံးထောင်ဒဏ် ၁ လ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
နေပြည်တော်ဆန္ဒပြပွဲ၌ ဆန္ဒပြကြသူများက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြ သည်။ ဆန္ဒပြသူခွင့်ပြုဦးရေ ၃၀၀ အပြင် ဝန်းရံသူဦးရေ ၂၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။