UWSA s‘ဝ’ ဦးဆောင်သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မရေးထိုးဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်သို့ အခြားပုံစံဖြင် ဝင်ရောက်၍ နိုင်ငံရေး ဆွေးနွေးလိုသော်လည်း လက်ခံမည် မဟုတ်ဘဲ အစိုးရ၏ မူဝါဒအရ NCA လမ်းကြောင်းအတိုင်းသာ ဝင်ရမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
မေလ ၂၄ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ပထမရက် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးလည်းဖြစ်သူ အဖွဲ့ဝင် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “ ဒီနေ့မနက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းမှာ ပြောသွားတယ်။ နံပါတ်တစ်က နိုင်ငံတော် ရဲ့ ပန်းတိုင်ကို ပြောတယ်။ နံပါတ် ၂ အချက်က NCA ကို ပြောပါတယ်။ အဲဒီအထဲမှာ NCA ရဲ့ ထီးရိပ်ကို တိုးချဲ့ဖို့ ဒါပါပဲ။ ဒီအဖွဲ့တွေကို NCA ထီးရပ်အောက်ကို ရောက်အောင် လုပ်မယ်ဆိုတာ ဒါ Policy ပဲ ” ဟု ပြောသည်။
UWSA (“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်) ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်များ ဖြစ်သော အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား တပ်ဖွဲ့(NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) တို့သည် ဒုတိယအကြိမ် ပင်လုံ ဖွင့်ပွဲသို့ အထူး ဖိတ်ကြား သူများအဖြစ် တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ “ညီလာခံ ကိုယ်စားလှယ်”ဟု ပြောဆို၍ လိုက်ပါလာသော်လည်း နေပြည်တော်သို့ ရောက်သောအခါ အထူးဧည့်သည် ဖြစ်နေပြီး ဆွေးနွေးမှုများ မပြုလုပ်နိုင်သဖြင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ၏ မူဝါဒများကို ထုတ်ဖော်ရန် အခြေအနေ မပေးသဖြင့် အခြားနည်းလမ်း တမျိုးကို စဉ်းစားနေကြောင်း AA မှ ဗိုလ်မှူးကြီး ညိုထွန်းအောင်က မီဒီယာများကို ပြောသည်။
ဗိုလ်မှူးကြီး ညိုထွန်းအောင်က “ ကာချုပ်ပြောတဲ့ မိန့်ခွန်းအရဆို တဖက်တလမ်းဆီ ဖြစ်နေတာပေါ့။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေး လိုလားတဲ့ဆန္ဒရှိလို့ ဒီကိုလာတာ။ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေး လိုလားတာကို ပြတယ် ဆိုတော့ ငြိမ်းချမ်းရေးက ဖြစ်နိုင်ပါသေးတယ် ” ဟု ဆိုသည်။
UWSA ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များကလည်း နေပြည်တော်သို့ ရောက်ရှိစဉ် အစိုးရအဖွဲ့နှင့် တွေ့ဆုံ လိုကြောင်း တောင်းဆိုမှုများ ရှိနေပြီး ယနေ့ တွေ့ဆုံနေကြောင်း သိရသည်။
UPDJC ၏ ၁၀ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အထူးဖိတ်ကြားသူ၊ ကတိကဝတ်စာချုပ် (Deed of Commitment (DOC)) ထိုးမည်ဆိုပါက ညီလာခံတွင် ဆွေးနွေးခွင့် ပြုမည် ဖြစ်ပြီး NCA ထိုးမှသာလျှင် UPDJC ၌ ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ရမည်ဟု အစိုးရဘက်က ပြောသည်။
ဦးဇော်ဌေးက “တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံး ဝင်လာမှ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ် ဆိုရင်တော့ ကျနော်တို့ တော်တော် စောင့်ရမယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးကလည်း စခဲ့တာ ကြာပြီ။ ပြီးခဲ့တဲ့ ၅ နှစ်က NCA အတွက် လုံးပန်းခဲ့တယ်။ ဒီအစိုးရ လက်ထက်ကျမှ နိုင်ငံရေး ဆွေးနွေးပွဲကို တက်လှမ်းနိုင်တာ”ဟု ပြောသည်။
UPDJC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးကလည်း “ကျနော်တို့လက်ခံထားတာကတော့ NCA နဲ့ပဲ သွားပါ မယ်။ NCA Plus ဆိုပြီး စဉ်းစားထားတာ မရှိပါဘူး။ NCA ပြင်ပ လမ်းကြောင်းကနေ ဆိုတာမျိုး စဉ်းစားထားတာ မရှိပါဘူး။ ကျနော်တို့ဘက်က NCA လမ်းကြောင်းအတိုင်း ပါလာအောင်တော့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပါမယ်”ဟု ပြောသည်။
UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဆလိုင်းလျန်မှုန်းဆာခေါင်းက “ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့စဉ်က အစည်းအဝေး အကြိမ်ကြိမ်လုပ်ပြီးတော့ NCA လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အရင် လုပ်ပြီးတော့ အစိုးရနဲ့ တန်းတူရည်တူ ချုပ်ဆိုပြီးမှ သွားတာဟာ အကောင်းဆုံး လမ်းကြောင်း ဖြစ်တယ်ဆိုပြီးတော့ ကျနော်တို့ရွေးတာ ဖြစ်ပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ရခိုင် အမျိုးသားပါတီ (ANP) မှ ဦးဦးလှစောက “ငြိမ်းချမ်းရေးမှာ All Inclusive (အားလုံး ပါဝင်ရေး) ဖြစ်ဖို့ လိုတယ်။ ဒါပေမယ့် အခု ဘာတွေ ဆွေးနွေးမယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ ပြောခွင့်ရတဲ့ဟာကိုတော့ အပြုသဘောနဲ့ တက်ပြီး ဆွေးနွေးသွားမယ်”ဟု ဆိုသည်။
ဦးဦးလှစောက ပထမအကြိမ် ညီလာခံတွင် UNFC(ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) က တက်ရောက်လာသော်လည်း ယခုတကြိမ်တွင် မလာရောက်တော့ကြောင်း၊ ပထမအကြိမ်တွင် မလာရောက်ခဲ့သည့် မြောက်ပိုင်း အဖွဲ့များသည် ယခုအကြိမ်တွင် တက်ရောက်လာသဖြင့် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် တခုခု လွဲချော်နေပြီဟု ခံစားရကြောင်း ပြောသည်။