အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များကို ပုဒ်မ ၈ ခု ဖြင့်စွဲချက်တင်
အိမ်အကူမိန်းကလေးနှစ်ဦးကို ညှင်းပမ်းနှိပ်စက်မှုကြောင့် တရားစွဲဆိုခံထားရသည့် အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ ဦးကို တသက်တကျွန်းပြစ်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မအပါအဝင် စုစုပေါင်း အမှုပုဒ်မ ၈ ခု ဖြင့် ယနေ့တွင် တရားရုံးက စွဲချက်တင်လိုက်သည်။
တရားရုံး၏ အမှုစွဲဆိုချက်များနှင့် ပတ်သက်၍ ကာယကံရှင် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်များက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး ပြန်ခေါ်သက်သေများစွာကို စစ်ဆေးပါရန် ၎င်းတို့၏ရှေ့နေများက ပြန်လည် တင်ပြခဲ့သည်။
အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတဦးက “ စွဲချက်ပုဒ်မတွေက ပိုပြင်းထန်လာတယ်။ အမှုကို တိုင်းတရားလွှတ်တော်ရုံးကို အယူခံတင်နိုင်ဖို့ ကာယကံရှင်တွေနဲ့ တိုင်ပင်မယ်” ဟု ရုံးချိန်းအပြီးတွင် ပြောဆိုသည်။
စွဲချက်ပုဒ်မများမှာ အင်းဝအုပ်ချုပ်ဆိုင် ပိုင်ရှင်များဖြစ်သည့် ဒေါ်တင်သူဇာ၊ ဦးတင်မင်းလတ်၊ ဒေါ်စုမွန်လတ်နှင့် ဦးရာဇာထွန်းတို့ကို လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေပုဒ်မ- ၂၄/၂၉၊ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၂၅၊ ၃၄၄ တို့ဖြင့် စွဲချက်တင်လိုက်ပြီး၊ ဦးကိုလတ်နှင့် ဒေါ်သီရိလတ်တို့ကို လူကုန်ကူး ပုဒ်မ-၂၄/၂၇/၃၂၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၂၅/၁၁၄၊ ၃၄၄/၁၁၄ တို့ဖြင့် အသီးသီး စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။
အမှုကို ၈ လနီးပါးကြာ စစ်ဆေးပြီးနောက် စွဲချက်တင်ခဲ့ရာတွင် ပြန်ခေါ်သက်သေများဖြစ်သည့် မစန်းကေခိုင်၊ မသဇင်းနှင့် ဒုရဲမှူးမျိုးသိန်းတို့ အပါအဝင် သက်သေ ၁၀ ဦးကျော်ကို လာမည့် ဇွန်လ ၈ ရက် ရုံးချိန်းတွင် ပြန်လည် စစ်မေးမည် ဖြစ်သည်။ ထိုအမှုကို စစ်ဆေးနေသည့် ခရိုင်တရားသူကြီး ဒေါ်ဆွေဆွေမှာ ယခုလကုန်တွင် ပင်စင်သွားတော့မည် ဖြစ်သဖြင့် ၎င်းနေရာ၌ အစားထိုးရောက်လာမည့် တရားသူကြီးက ထိုအမှုကို ဆက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များ၏ နှိပ်စက်မှုကြောင့် လက်ချောင်းရိုးကျိုးခြင်း၊ ရေနွေးပူလောင်ဒဏ်ရာ၊ ကတ်ကြေးဖြင့် အထိုး ခံရသည့် ဒဏ်ရာများရရှိခဲ့သည့် မစန်းကေခိုင်မှာ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးတွင် ၅ လကျော်ကြာ တက်ရောက် ခွဲစိတ်ကုသခဲ့ရပြီး ဒဏ်ရာအခြေအနေများ သက်သာကောင်းမွန်လာပြီဟု ဆိုသည်။
ရာဇာသတ်ကြီးဥပဒေ ပုဒ်မ-၃၄၄ အရ ဆယ်ရက်(သို့) ဆယ်ရက်ထက်ပို၍ မတရားချုပ်နှောင်ထားမှုကို ၃ နှစ်အထိ ထောင်ဒဏ် (သို့) ငွေဒဏ် ချမှတ်နိုင်ပြီး၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ – ၃၂၅ အရ ၇ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ- ၁၁၄ အရ ပြစ်မှုထင်ရှားပါက ကိုယ်တိုင်ကျူးလွန်သကဲ့သို့ ယူဆနိုင်သည်ဟုလည်း ပြဌာန်းထားသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတွင် ပုဒ်မ -၂၄ အရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး တသက်တကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ-၂၇ အရ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ-၂၉ အရ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ တသက်တကျွန်းအထိ ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းနှင့် ပုဒ်မ- ၃၂ အရ အမှုကို အားပေးကူညီခြင်းအတွက် ဥပဒေပါပြစ်ဒဏ်များအတိုင်း ချမှတ်နိုင်သည်ဟုလည်း ပြဌာန်းပါရှိသည်။
ထို့အပြင် ၁၉၉၃ ခုနှစ် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁ သောင်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
အိမ်အကူမိန်းကလေး ၂ ဦး ဖြစ်သည့် အသက် ၁၇ နှစ်ခန့်အရွယ် မစန်းကေခိုင်နှင့် မသဇင်တို့သည် ကော့မှူးမြို့နယ်၊ ဘောလုံးကွင်း ကျေးရွာတွင် နေထိုင်ကြသူများဖြစ်ပြီး၊ အသက် ၁၀ နှစ်ခန့် ကတည်းက အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ညှင်းပမ်းနှိပ်စက်ခံရမှုများကို Myanmar Now သတင်းဌာက ဖော်ထုတ်ရေးသားခြင်းကြောင့် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။