တခါက မိမိကို ဖမ်းဆီးခဲ့သူကို ခွင့်လွှတ်ပြီး မိမိအလှည့်တွင် လွတ်ငြိမ်းခွင့်ပြုခြင်းမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့အတွက် သူတို့၏ ကံကြမ္မာ အလှည့်အပြောင်းဟုပင် ဆိုနိုင်ပါသည်။
အင်္ဂါနေ့က သမ္မတ ဦးထင်ကျော်က ဒုတိယအကြိမ် ပင်လုံညီလာခံကို ဂုဏ်ပြုသောအားဖြင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အခြားအကျဉ်းသား ၂၅၈ ဦးနှင့်အတူ ပြန်လွှတ်ပေးရန်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သောအခါတွင် ထိုဖြစ်ရပ်ပေါ်ပေါက်ခဲ့သည်။
လွန်ခဲ့သော အင်္ဂါနေ့ကအထိ ထိုသာသနာရေးဝန်ကြီးဟောင်းမှာ ယခင် ဦးသိန်းစိန်အစိုးရခေတ်က အကျင့်ပျက်ချစားမှု စွဲချက်ဖြင့် ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်။ သူ၏ တနှစ်ပင် မပြည့်သည့် တိုတောင်းလှသော ဝန်ကြီးရာထူး သက်တမ်းမတိုင်မီက သူသည် မြန်မာ့တပ်မတော်တွင် ၂၀၁၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး တာဝန်အထိ ယူခဲ့ဖူးသည်။
၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထိုစဉ်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကိုထောက်ခံသူများမှာ လုံခြုံရေးတပ်ဖွဲ့များက မန္တလေးသို့ သွားမည့် ရထားပေါ် အတက်မခံသဖြင့် ရန်ကုန်မှ ထွက်ခွာမရ ဖြစ်နေခဲ့သည်။ စစ်သားများက သူတို့ကို ဖမ်းဆီးရန် အသင့်ရှိနေခဲ့ကြသည်။
ဖမ်းဆီးမှု မတိုင်မီကလေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ လူယုံ ဦးထင်ကျော်သည် သူ့ခေါင်းဆောင်အား ပြန်လည်ခေါ်ဆောင်ရန် ကားဖြင့် ရောက်လာလေသည်။ ထိုစစ်ဆင်ရေး၏ အကြီးအကဲ ဦးဆန်းဆင့်က ဦးထင်ကျော် မည်သူလည်းဟုမေးပြီး အချေအတင်ဖြစ်ကာ ဦးထင်ကျော်ကို ဖမ်းလိုက်သည်။ ဦးထင်ကျော်သည် လေးလကျော်မျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
နှစ်အတန်ကြာပြီး ၂၀၁၆ ခုနှစ်တွင် ဦးထင်ကျော်သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သား သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသောအခါ သူ့ကို တခါက ဖမ်းဆီးခဲ့သူ ဦးဆန်းဆင့်မှာ အထက်မြန်မာနိုင်ငံမှ နယ်မြို့ကလေးတခုရှိ အကျဉ်းထောင်တွင် လွတ်ရက်ကို ရေတွက်စောင့်ဆိုင်းနေရဆဲဖြစ်သည်။
ယခု ဦးထင်ကျော်၏ လက်မှတ်တချက်ဖြင့် ထိုစစ်သားဟောင်းမှာ ဗုဒ္ဓဟူးနေ့က ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပေပြီ။
ဗုဒ္ဓဟူးနေ့က ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဆက်သွယ် မရသောကြောင့် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသူသည် လွန်ခဲ့သော ၁၇ နှစ်က သူကိုယ်တိုင် အမိန့်ပေး ဖမ်းဆီးစေခဲ့သူဖြစ်သည်ကို ဦးဆန်းဆင့် သိ၊ မသိ မမေးနိုင်ခဲ့ပေ။ သေချာသောအချက်တခုမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဦးဆန်းဆင့်သည် သူ၏ ပုံမှန်လွတ်ရက်ထက် ၉ နှစ် စောလွတ်လာခြင်းပင်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ President U Htin Kyaw Pardons the Commander Who Once Jailed Him ကို ဘာသာပြန်ပါသည်။)