ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှ ရရှိလာသည့် ရလဒ်များကို အတည်ပြု၍ သဘော တူစာချုပ်များ ချုပ်ဆိုမှုနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလည်း ပါဝင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
အစည်းအဝေးရလဒ် အားလုံးသည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် တိုက်ဆိုင်မည် မဟုတ်သော်လည်း အရေးကြီးသည့် အချက် များသည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် သက်ဆိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လမ်းကြောင်းတခု၊ လက်ရှိ တည်ဆဲ ဥပဒေများကို ပြင်ဆင်ရမည့် လမ်းကြောင်းနှင့် အစိုးရ၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ ပြင်ဆင်ရမည့် လမ်း ကြောင်းတခု စုစုပေါင်း ၃ ခု ပေါ်ထွက်လာမည် ဖြစ်ကြောင်း အတိုင်ပင်ခံရုံးမှ သိရသည်။
ဦးဇော်ဌေးက “အဲဒီ ၃ ခုကို ပြန်ပေါင်းလိုက်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နည်းလမ်းတွေ ထွက်လာပြီး ဆက်လုပ် ရ မယ်။ အခုပြောနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၂၀၀၈ ဘောင်နဲ့ မဟုတ်တော့ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၂၀၀၈ ဘောင်ကိုပါ ပြင်သွားမှာ။ ပြင်ရင်းနဲ့မှ ပြည်နယ် ဖွဲ့စည်းပုံ တွေ ဝင်သွားမှာ။
စစ်မှန်တဲ့ ဖက်ဒရယ်ဆိုရင် ၂၀၀၈ ကိုလည်း ပြင်ရမှာပဲ။ အဲဒီ ပြင်တဲ့အတိုင်းသွားမှာ။ ပထမဆုံး ပြည် ထောင်စု ဖွဲ့စည်းပုံ အရင်လုပ်မှာ။ အဲဒီအောက်က ပြည်နယ်နဲ့ တိုင်း ဖွဲ့စည်းပုံတွေ လိုက်လာမှာ” ဟု ဆိုသည်။
ပြည်နယ်နှင့် တိုင်း ဖွဲ့စည်းပုံများသည် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ရှိမနေတော့ဘဲ အခြား ပြည်ထောင်စု ဖွဲ့စည်းပုံ အောက်မှ ဒီမိုကရေစီ ဖက်ဒရယ်စစ်စစ်ကို အာမခံသည့် ဖွဲ့စည်းပုံများ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
ဖက်ဒရယ်စနစ်နှင့် မညီညွှတ်သည့် ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ ဖျက်သိမ်းသင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးကလည်း ပြောသည်။
NCA စာချုပ်အရ ပြည်ထောင်စု သဘောတူညီချက် ရရှိပါက လွှတ်တော်တွင်း အတည်ပြုမည်ဟု ရေးထားပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု ဖော်ပြထားခြင်း မရှိ၍ အားမရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မည့် အချက်များ ယခုဆွေးနွေးပွဲများမှ ပေါ်ပေါက်လာစေရန် ကြိုးစားသင့်ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ ကိုယ်စားလှယ် ဦးသွင်လင်းအောင်က ဧရာဝတီကို ပြောသည်။
ဦးသွင်လင်းအောင်က “၂၀၀၈ ကို ပြင်မယ်လို့ ပြောလိုက်တာ တဆင့် တက်တယ်လို့ ပြောရမယ်။ အစတုန်းက အဲဒီလို တောင် မပြောတော့ဘဲနဲ့ မှိန်သွားတာကိုး။ ဆွေးနွေးတဲ့အခါမှာလည်း ပြည်သူအတွက် အကျိုးရှိတဲ့ ၂၀၀၈ ကို ပြင်နိုင်မယ့် အချက်မျိုးတွေ ထွက်လာဖို့ လိုသေးတယ်” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးကို အရပ်ဘက် လူ့အဖွဲ့အစည်းများက တောင်းဆိုလျက်ရှိပြီး တချို့က လွှတ်တော် လမ်းကြောင်းအတွင်းမှ ပြင်ဆင်ရန်၊ တချို့ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ တဆင့် ပြင်ဆင်ရန် စသည်ဖြင့် အမြင်များ ကွဲပြားလျက်ရှိသည်။