သတင်း

မော်လမြိုင်ထောင်က လူသတ်သမား ထိုင်းရဲဆရာဝန်ကို ထိုင်းဘက်လွှဲအပ်

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းအတွက် ယမန်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ရသူများထဲ မော်လမြိုင်ထောင်မှ လွတ်လာသူ ထိုင်းရဲဆရာဝန် ဆူပက် လောင်ဟာဝက်တနာလည်း ပါသည်။ သူ့ကို ယနေ့ နေ့လည်က မြဝတီမှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

သူသည် သူ၏မြန်မာအလုပ်သမားများကို ကြံစည်သတ်ဖြတ်မှုအတွက် ထိုင်းနိုင်ငံတွင် မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းရဲတပ်ဖွဲ့ ဆရာဝန်ဟောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ထိုင်းသတင်းစာ သည်နေရှင်း၏ သတင်းအရ ထိုင်းနိုင်ငံ လက်ထောက်ရဲချုပ် ရဲဒုတိယ ဗိုလ်ချုပ်ကြီး သမ်မာဆက် ဝစ်ချာရာယ က ဆူပက် လောင်ဟာဝက်တနာကို မြဝတီတဘက်ခြမ်း မဲဆောက်ရှိ နယ်စပ်စစ်ဆေးရေးစခန်းတွင် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

မြန်မာအလုပ်သမားတဦးကို ကြံစည် သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိပြီးနောက် ပက်ချ်ဘူရီခရိုင်တရားရုံးက ဆူပက်ကို လွန်ခဲ့သောနှစ်က မျက်ကွယ် သေဒဏ်ချမှတ်ခဲ့သည်။ သူ၏ သားများအနက် တဦးမှာလည်း သေဒဏ်ချမျတ်ခံရကာ သား နောက်တဥိးမှာမူ တသက်တကျွန်းချမှတ်ခံခဲ့ရသည်။

ထိုသတ်ဖြတ်မှုကို ပက်ချ်ဘူရီခရိုင် သယန်းတွင် ၂၀၀၉ ခုနှစ် ဇွန်လက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆူပက်သည် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကာ အမှုကို ရင်မဆိုင်ပဲ ထွက်ပြေးခဲ့သည်။

ကုလားနှင့် ယောင်အမည်ရှိ သူ၏ အလုပ်သမားဟောင်းနှစ်ဦးတို့က ဆူပက်သည် အီတာ အမည်ရှိ မြန်မာအလုပ်သမားတဦးကို သတ်ဖြတ်ပြီး သူ၏အလောင်းကို ပက်ချ်ဘူရီခရိုင် သယန်းရှိ ဆူပက်၏ ဥယာဉ်ခြံတွင် မြှုပ်ထားသည်ဟု စွပ်စွဲခဲ့သည်။

ထို့နောက် မြန်မာအလုပ်သမားများ၏ အရိုးစုကို ပြန်လည်တူးဖေါ်ခဲ့ပြီး ခိုင်မာသော အထောက်အထားများ ရရှိလာခဲ့ကာ ယခင် အလုပ်သမားဟောင်းနှစ်ဦး၏ သက်သေခံချက်များအရ တရားရုံးက ဆူပက်နှင့် သူ၏သား အကီတို့ကို သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အခြားသားတဦးဖြစ်သူ အကာရာမှာ သတ်ဖြတ်မှုဖြစ်ပွားချိန်က အသက်မပြည့်သေးသောကြောင့် သူ၏ တသက်တကျွန်းပြစ်ဒဏ်ကို ထောင်ဒဏ် ၂၅ နှစ်နှင့် ၃ လ သို့ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

ဆူပက်သည် ၂၀၀၉ ခုနှစ်မှ စတင်ပျောက်ဆုံးနေသော ဆမတ်နွမ်ကျွေ့ နှင့် အိုလာဆာ ကာ့ဒ်ဆက် အမည်ရှိ ထိုင်းဇနီးမောင်နှံကို သတ်ဖြတ်မှုဖြင့်လည်း စွပ်စွဲခံခဲ့ရသည်။

ဆူပက်၏ခြံတွင် တူးဖေါ်ရရှိသော အရိုးစု ၃ စု ကို ထိုင်းနိုင်ငံ သေမှုသေခင်း စစ်ဆေးရေး ဗဟိုဌာနတွင် စစ်ဆေးခဲ့ပြီး နှစ်ဦးမှာ အမျိုးသားများဖြစ်ကြောင်း သိရသည်။ တတိယ တဦးကိုမူ ကျား မ ခွဲခြား မသိရပေ။ အရိုးစု ၂ ခုတို့သည် သေနတ်ဖြင့် ပစ်သတ်ခံရသည့် လက္ခဏာများ တွေ့ခဲ့သည်။

Loading